Home သတင်း ကရင်ငြိမ်းချမ်းရေးတည်ဆောက်မှုကော်မတီ KNPBC အမည်ကို အတည်မပြုသေးကြောင်း တာဝန်ရှိသူ ပြောဆို

ကရင်ငြိမ်းချမ်းရေးတည်ဆောက်မှုကော်မတီ KNPBC အမည်ကို အတည်မပြုသေးကြောင်း တာဝန်ရှိသူ ပြောဆို

579
Photo: KNA

ဧပြီလ ၂၉ရက်၊ ၂၀၂၆ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသားငြိမ်းချမ်းရေးတည်ဆောက်မှုကော်မတီ (Karen National Peace Building Committee – KNPBC) မှာ အဖွဲ့အမည်ကိုပင် အတည်မပြုရသေးကြောင်း ၎င်းအဖွဲ့တွင်း ဦးဆောင်ပါဝင်သူတစ်ဦးက ကေအိုင်စီသို့ ဧပြီလ ၂၇ရက်နေ့တွင် ပြောသည်။

သူက “ပြောရမယ်ဆိုရင် ဒီစာရွက်က အတည်မဟုတ်သေးဘူး။ အွန်လိုင်းပေါ်မှာလည်း ဖြန့်ဖို့မဟုတ်သေးဘူး။ အဲဒီနေ့ က အစည်းအဝေးမှတ်တမ်းတွေတောင် မထုတ်ရသေးဘူး။ အမှားတွေနဲ့ ဒီလိုဖြန့်လိုက်တာ မကောင်းဘူး။ အစည်းအ ဝေးမှာကတည်းက ပြောထားတယ်။ ဒါဟာ ကရင်တမျိုးသားလုံးကို ကိုယ်စားပြုတာ မဟုတ်ဘူးဆိုတာပါပြီးသား။”ဟု ကေအိုင်စီ၏ ဆက်သွယ်မေးမြန်းမှုကို ဖြေကြားခဲ့သည်။

အွန်လိုင်းတွင် ပြန့်နှံ့နေသည့် အချက်အလက်များအရ KNPBC ၏ ရည်မှန်းချက်မှာ ကရင်လူမျိုးနွယ်စုအားလုံး ပါဝင် မှုအပေါ် အခြေခံ၍ အကြမ်းမဖက်ဘဲ တရားမျှတသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှတဆင့် ထာ၀ရငြိမ်းချမ်းရေးကို တည်ဆောက်ရန်ဖြစ်ပြီး ကော်မတီအဖွဲ့ဝင်ပေါင်း ၇၇ဦးဖြစ်သည်ဟု ဖော်ပြထားသည်။

သို့သော် အဆိုပါကော်မတီသည် ကရင်တစ်မျိုးသားလုံးကို ကိုယ်စားပြုခြင်းမဟုတ်ဘဲ ပဋိပက္ခဖြစ်ပွားလျက်ရှိသည့် မွန်၊ ကရင်၊ တနင်္သာရီနှင့် ပဲခူးတိုင်း စသည့် ကရင်တိုင်းရင်းသားအများစု တည်ရှိရာနယ်မြေများတွင် ကြားခံအဖြစ် ငြိမ်းချမ်းရေးဖော်ဆောင်ရန် ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းထားခြင်းသာဖြစ်သည်ဟု ကော်မတီ ဒုဥက္ကဌများထဲတွင် ပါဝင်သူတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

Photo: KNA

“ငြိမ်းချမ်းရေးဖိတ်ခေါ်ရင် အရင်တုန်းက ဒုံရင်းအတိုင်း လာမယ်ဆိုတော့ KNU ကလည်း အပြတ်ငြင်းထားတာဖြစ်တဲ့ အခါကျတော့ တစ်ဖက်ကလည်း ဒေသမှာ စစ်ဘောင်က ကျယ်လာတယ်။ လူထုတွေက စစ်ရှောင်နေရတာများလာပြီး ဖြေရှင်းနိုင်ဖို့နည်းလမ်းက Third Party ပုံစံတစ်ခု လိုအပ်လာပြီးလို့ထင်တယ်ဆိုပြီး တိုင်ပင်ကြတော့ ကောင်းတယ် လုပ်ကြတာပေါ့ဆိုပြီး လုပ်ဖြစ်သွားတယ်။”ဟု ၎င်းက ပြောသည်။

အဆိုပါအစည်းအဝေးတွင် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ပါဝင်မှုမရှိသော်လည်း ကေအဲန်ယူကို ကရင် တိုင်းရင်းသားလက်နက်အဖွဲ့များ၏ မိခင်အဖွဲ့အစည်းအဖြစ် အသိအမှတ်ပြုနေရာပေးထားကြောင်း ဆွေးနွေးခဲ့ကြ သည်ဟုလည်း ၎င်းက ဖြည့်စွက်ပြောဆိုသည်။

မြ၀တီမြို့နယ်၊ ရွှေကုက္ကိုလ်ကျေးရွာ၌ ဧပြီလ ၈ရက်နေ့က ပြုလုပ်ပြီးစီးခဲ့သည့် အဆိုပါကော်မတီဖွဲ့စည်းရေး အစည်း အဝေးတွင် ကော်မတီ ဖွဲ့စည်းပုံ၊ မူဝါဒ၊ မူဘောင်များ အတည်ပြုချမှတ်နိုင်ခြင်းမရှိသေးသလို အချို့လူပုဂ္ဂိုလ်များ၏ နာမည်အမှားများကိုလည်း ရေးသားထားသည်ဟု ဆိုသည်။

KNPBC တွင် DKBA၊ KNA၊ KNU/KNLA-PC၊ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ၊ ဖလုံ-စဝေါ်ဒီမိုကရက်တစ် ပါတီတို့ ပါဝင်ကာ KPP ပါတီပါဝင်မှုမှာလည်း လျာထားချက်သာဖြစ်သည်ဟု အစည်းအဝေး တက်ရောက်သူများထံမှ သိရသည်။ ထို့အပြင် နာယကအဖွဲ့ထဲတွင် ကရင်ဘာသာရေးခေါင်းဆောင်များနှင့် ကေအဲန်ယူမှ အနားယူခဲ့ကြသည့် စောမူတူးစေးဖိုး၊ ပဒိုစောရွှေမောင်း၊ ဒေါက်တာမာတာနှင့် ပဒိုစောရောဂျာခင်တို့လည်းပါဝင်ပြီး ကော်မတီဥက္ကဌမှာ ဗိုလ်မှူးကြီးစောချစ်သူဖြစ်ကြောင်း ရေးသားဖော်ပြထားသည်။