ဧပြီ ၂၉ ရက် ၊ ၂၀၂၆။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ထိန်းချုပ်နယ်မြေဖြစ်သော ဒူးပလာယာခရိုင်၊ တပ်မဟာ (၆)၊ ဘုရားသုံးဆူမြို့အနီးရှိ မက္ကသာသတ္တုခဲမိုင်းတွင်းနေရာများကို စစ်အုပ်စုက ဧပြီ ၂၉ ရက်၊ ညနေ ၄ နာရီအချိန်ခန့်တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် တရုတ်နိုင်ငံသား လုပ်ငန်းရှင်များ အပါအဝင် ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြေပြင်သတင်းအရင်းအမြစ်များထံမှ သိရသည်။
အဆိုပါ မက္ကသာသတ္တုခဲ မိုင်းတွင်းအမှတ် (၁) မှ (၅) အထိ နေရာများကို တစ်ရက်အတွင်း Y-12 လေယာဉ်ဖြင့် (၆) ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ထိုတိုက်ခိုက်မှုကြောင့် မိုင်းတွင်းလုပ်ငန်းခွင်အတွင်း နေထိုင်သည့် တရုတ်နိုင်ငံသား လုပ်ငန်းရှင်နှင့် အလုပ်သမားများ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့အနက်တစ်ဦးမှာ စိုးရိမ်ရသည့် ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ကနဦးသတင်းများအရ သိရသည်။
“ တရုတ်တစ်ဦးကတော့ ဒဏ်ရာအရမ်းပြင်းထန်တော့ ထိုင်းဘက်ကို ပို့လိုက်တယ်။ ကျန်တာက ဒီမှာပဲကုလိုက်တယ်။ စစ်တပ်က အဓိကတော့ ကေအဲန်ယူမြေမှာရှိတဲ့ ဝင်ငွေလမ်းကြောင်း တွေကိုပိတ်ဆို့တဲ့သဘောပေါ့။ တရုတ်လုပ်ငန်းရှင်တွေ လုပ်ခြုံမှုမရှိတော့ရင် လာကြမှာမဟုတ်တော့ဘူး။ ပြည်တွင်းလုပ်ငန်းရှင်တွေကလည်း လာမရဲအောင်လုပ်တဲ့သဘော”ဟု ကေအဲန်ယူတပ်မဟာ(၆)နှင့် နီးစပ်သူတစ်ဦးက ကေအိုင်စီသို့ ပြောသည်။
ဗုံးကြဲတိုက်ခိုက်မှုကြောင့် လုပ်ကွက်ကြီးနေရာများရှိ လုပ်ငန်းခွင်အဆောက်အအုံ အများအပြားလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
မက္ကသာနှင့် သဗြုသတ္တုခဲမိုင်းတွင်း နေရာများသည် ၂၀၂၂ ခုနှစ်မှစ၍ စစ်အုပ်စု၏ နှစ်စဉ် လေကြောင်းတိုက်ခိုက်မှုကို ခံနေရသည့်နေရာများဖြစ်ပြီး အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများလည်း မကြာခဏ ဗုံးကြဲခံနေရသည်။
ပြီးခဲ့သည့် မတ်လ (၃၁) ရက်နေ့ကလည်း မက္ကသာမော်ဖားထောကျေးရွာတွင် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် အမျိုးသမီး (၂) ဦး သေဆုံးကာ ကလေးငယ် (၁) ဦး ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ရှိခဲ့ကြောင်း သိရသည်။



















