Home သတင်း The Voice of Finland တွင် ကရင်အဆိုတော် စောရှိန်း နောက်ဆုံးဇကာတင်အဆင့်သို့ ရောက်

The Voice of Finland တွင် ကရင်အဆိုတော် စောရှိန်း နောက်ဆုံးဇကာတင်အဆင့်သို့ ရောက်

349
Photo: Internet

ဧပြီ (၂၂) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ဖင်လန်နိုင်ငံ၏ နာမည်ကြီးအဆိုပြိုင်ပွဲ The Voice of Finland (Season 15)၌ ကရင်အဆိုတော် စောရှိန်း၊ နောက်ဆုံးဇကာတင်ပြိုင်ပွဲဝင်(Top 4) အဆင့်သို့ ရောက်ရှိသွားပြီဖြစ်ကြောင်း The Voice of Finland ၏ တရားဝင်လှုမှုကွန်ရက်စာမျက်နှာမှကြေညာချက်အရ သိရသည်။

Nelonen ရုပ်သံလိုင်းမှ အပတ်စဥ်သောကြာနေ့တိုင်း တင်ဆက်နေကျ အဆိုပါပြိုင်ပွဲတွင်
ပြိုင်ပွဲဝင်စုစုပေါင်း(၈၀)နီးပါးကိုဖြတ်ကျော်၍ အဆင့်ဆင့်ယှဥ်ပြိုင်ခဲ့ပြီးမှ နောက်ဆုံး(Finalist)စာရင်းတွင် စောရှိန်းပါဝင်လာခြင်းဖြစ်သည်။

“Final ရောက်သွားတဲ့အတွက် အတိုင်းထက်အလွန် ပျော်ပါတယ်။ ခံစားချက်က လေပေါ်မှာ မြောက်နေသလိုပဲ။ ပြိုင်ပွဲစဝင်ကတည်းက ဒီအဆင့်ထိရောက်ဖို့ မျှော်လင့်ချက်ရှိပေမယ့် အခုလို တကယ်တမ်း ဖြစ်လာတဲ့အခါမှာတော့ ကျနော်မျှော်လင့်ထားတာထက် ပိုပြီး ခရီးရောက်ခဲ့တယ်လို့ ပြောရမှာပါ။” ဟု စောရှိန်းက ပြောသည်။

The Voice of Finland တွင်ယှဥ်ပြိုင်အနိုင်ရသူများကို ရွေးချယ်မှုစနစ်သည် ပြိုင်ပွဲဝင်၏အရည်အချင်းကိုကြည့်၍ ဒိုင်များကပေးသည့်မဲရလဒ်အပြင် ပြိုင်ပွဲဝင်နံပါတ်အပေါ် ပရိတ်သတ်ကပေးသောမဲရလဒ်ကိုပါ ထည့်သွင်းရေတွက်ခြင်းဖြစ်သည်။

Photo: Internet

ယခု နောက်ဆုံးဇကာတင်အဆင့်တွင်မူ ပရိတ်သတ်မဲပေးစနစ် တစ်မျိုးဖြင့်သာ ရွေးချယ်မည်ဖြစ်သဖြင့် ပရိတ်သတ်မဲတိုင်းသည် အရေးကြီးကြောင်း စောရှိန်းက ဖြည့်စွက်ပြောသည်။

၎င်းက “Final မှာတော့ ပရိသတ်တွေ ကျေနပ်အားရမယ့် ထူးခြားတဲ့ သီချင်းနှစ်ပုဒ်နဲ့ အမြင့်ဆုံး Tempo အထိ ဆွဲခေါ်သွားဖို့ ပြင်ဆင်ထားပါတယ်။ အခုအဆင့်မှာ Voting တစ်ခုတည်းနဲ့ပဲ ဆုံးဖြတ်မှာဖြစ်လို့ မဲတစ်မဲစီတိုင်းက အရမ်းအရေးကြီးပါတယ်။ ဘယ်လိုရလဒ်ပဲ ထွက်လာပါစေ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကြောင့် ကျနော်ကတော့ နိုင်နေပါပြီ” ဟု ကေအိုင်စီကို ပြောသည်။

The Voice of Finland ၏ နောက်ဆုံးအဆင့်(Final)ပွဲစဉ်ကို လာမည့် ဧပြီလ ၂၄ ရက်နေ့၊ ဖင်လန်စံတော်ချိန် ည(၇)နာရီ (19:00 EET) တွင် ဖင်လန်နိုင်ငံ၊ Turku မြို့၌ ပြုလုပ်ကျင်းပသွားမည်ဖြစ်ပြီး နိုင်ငံ၏နာမည်ကြီးရုပ်သံလိုင်း Nelonen နှင့် Ruutu တို့မှ တိုက်ရိုက်ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

ကရင်အဆိုတော်စောရှိန်းအနေဖြင့် နောက်ဆုံးပွဲစဥ်တွင် Winner ဆုရရှိသွားပါက The Voice of Finland ပြိုင်ပွဲသက်တမ်းတစ်လျှောက် ပထမဆုံးအကြိမ် Winner ဆုရ အာရှနိုင်ငံသားတစ်ဦးအဖြစ် စံချိန်တင်နိုင်မည်ဖြစ်သည်။