Home သတင်း ကစယ်ဒိုတွင် KTLA အဖွဲ့၏ ခြုံခိုတိုက်ခိုက်မှုကြောင့် ကလေးငယ်တစ်ဦးအပါအဝင် KNLA ရဲဘော် ၅ ဦး သေဆုံး

ကစယ်ဒိုတွင် KTLA အဖွဲ့၏ ခြုံခိုတိုက်ခိုက်မှုကြောင့် ကလေးငယ်တစ်ဦးအပါအဝင် KNLA ရဲဘော် ၅ ဦး သေဆုံး

344
Photo: CJ

ဧပြီလ ၂၂ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ (၄) နယ်မြေ၊ မြိတ်-ထားဝယ်ခရိုင်၊ ကစယ်ဒိုမြို့နယ်အတွင်း ယနေ့ (ဧပြီလ ၂၂ ရက်) နံနက်ပိုင်းတွင် ဗိုလ်စောအယ်ခွီး (ခ) ကောလားဖိုး ဦးဆောင်သည့် ကော်သူးလေအာမီ (KTLA) အဖွဲ့၏ ခြုံခိုတိုက်ခိုက်မှုကြောင့် KNLA တပ်ဖွဲ့ဝင် ၄ ဦးနှင့် ၁၀ နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ယနေ့ နံနက် ၅ နာရီဝန်းကျင်တွင် ကစယ်ဒိုမြို့နယ်၊ ဖောခလိုးရွာ၌ စောအယ်ခွီး ဦးစီးသည့် KTLA အဖွဲ့က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၄)၊ တပ်ရင်း (၁၂) မှ ရဲဘော်များကို ခြုံခိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု နယ်မြေခံ KNLA တပ်ပိုင်းဆိုင်ရာ တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောဆိုသည်။

၎င်းတာဝန်ရှိသူက “ဒီနေ့ မနက်အစောပိုင်း ၅ နာရီမှာပဲ ဖြစ်သွားတာ။ တပ်ရင်း (၁၂) က ရဲဘော် ၄ ဦး သေတယ်။ ပြီးတော့ ၁၀ နှစ်ဝန်းကျင်အရွယ် ကလေးငယ်တစ်ဦးလည်း ပါသွားတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါ တိုက်ခိုက်မှုဖြစ်စဉ်နှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကို KNLA ဘက်က ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်းလည်း သိရသည်။

ပြီးခဲ့သည့် မတ်လ ၄ ရက်နေ့ကလည်း ကစယ်ဒိုမြို့နယ်၊ သမီးပေါ်သောကျေးရွာနှင့် ပျားသားချောင်းကျေးရွာကြား၌ KTLA တပ်ဖွဲ့ဝင်များ၏ ခြုံခိုတိုက်ခိုက်မှုကြောင့် KNLA ရဲဘော် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ရှိခဲ့သည်။

မြိတ်-ထားဝယ်ခရိုင်အတွင်း လှုပ်ရှားနေသည့် ဗိုလ်အယ်ခွီး ဦးစီးသည့် KTLA အဖွဲ့သည် KNLA တပ်ဖွဲ့ဝင်များကို မကြာခဏ ချောင်းမြောင်းပစ်ခတ်လေ့ရှိသည်ဟု KNU ဘက်က သတင်းထုတ်ပြန်ထားချက်များအရ သိရသည်။

အလားတူ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လအတွင်းကလည်း KNLA တပ်ရင်း (၁၂) နယ်မြေတွင် KNLA တပ်ဖွဲ့ဝင်များ စီးလာသည့်ကားကို KTLA အဖွဲ့က ပစ်ခတ်ခဲ့သဖြင့် စစ်ဘက်ရေးရာကွပ်ကဲရေးမှူး ဗိုလ်မှူးစောဖိုးစီနှင့် ရဲဘော်တစ်ဦး ကျဆုံးကာ ၅ ဦး ဒဏ်ရာရရှိခဲ့ဖူးသလို ၊ စက်တင်ဘာလအတွင်းကလည်း လယ်ဒိုစိုး (ထားဝယ်) မြို့နယ်ရှိ စစ်ဆေးရေးဂိတ်တစ်ခုကို KTLA က သွားရောက်ပစ်ခတ်ခဲ့သည့် ဖြစ်စဉ်များ ရှိခဲ့ကြောင်း သိရသည်။