ဧပြီလ ၂၃ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဖားအံခရိုင် (တပ်မဟာ ၇) အတွင်း နယ်မြေထိန်းချုပ်ရေးနှင့် ကာကွယ်ရေးတာဝန်များ ထမ်းဆောင်ပြီးနောက် ရှေ့တန်းမှ ပြန်လည်ရောက်ရှိလာသော ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ဖွဲ့ဝင်များအား ဒေသခံကရင်ပြည်သူများက ယနေ့ ဧပြီလ (၂၃) ရက်နေ့တွင် ဂုဏ်ပြုကြိုဆိုခဲ့ကြသည်ဟု ကေအဲန်ယူက ထုတ်ပြန်သည်။
ရှေ့တန်းပြန် KNLA တပ်ဖွဲ့ဝင်များကို ကြိုဆိုရာတွင် ဒေသခံကရင်ပြည်သူများက လမ်းကြောင်းတစ်လျှောက် စုရုံးစောင့်ကြိုခဲ့ကြပြီး အစားအသောက်များ၊ ပန်းစည်းများ၊ အောင်သပြေခက်များနှင့် ပန်းကုံးများဖြင့် ဂုဏ်ပြုကြိုဆိုခဲ့ကြသည်ဟု ကေအဲန်ယူ ဗဟိုက သတင်းထုတ်ပြန်ထားသည်။
အဆိုပါ ကြိုဆိုပွဲနှင့် ပတ်သက်၍ “ကိုယ်ကျိုးစွန့်အနစ်နာခံသည့် တပ်သားများအပေါ် ကရင်ပြည်သူများ၏ ချစ်ခင်မြတ်နိုးမှု နှင့် ကျေးဇူးတင်မှုကို ဖော်ပြသည့် အထိမ်းအမှတ်ဖြစ်သည်”ဟု ကေအဲန်ယူက ဆိုသည်။
ယနေ့ ဂုဏ်ပြုပွဲ အစီအစဉ်တွင် KNLA တပ်မဟာ (၇) မှ တာဝန်ရှိ ခေါင်းဆောင်များက ရှေ့တန်းပြန် ရဲဘော်များအား ဂုဏ်ပြုကြိုဆိုကြသည့် ဒေသခံပြည်သူများကို ကျေးဇူးတင်စကား ပြောကြားခဲ့သလို ရှေ့တန်းမှ ပြန်လည်ရောက်ရှိလာသော တပ်ဖွဲ့ဝင်များကိုလည်း ကျေးဇူးတင်စကားနှင့် အားပေးစကားများ ပြောကြားခဲ့သည်ဟု သိရသည်။




















