Home သတင်း ကော့ကရိတ်မြောက်ပိုင်းတွင် စစ်အုပ်စုနှင့် DKBA ဘိုဘိအဖွဲ့ပူးပေါင်းတပ် နေအိမ်ရာချီ မီးရှို့ဖျက်ဆီးကာ ဘုရားဆင်းတုတော်များပါ ခိုးယူသွား

ကော့ကရိတ်မြောက်ပိုင်းတွင် စစ်အုပ်စုနှင့် DKBA ဘိုဘိအဖွဲ့ပူးပေါင်းတပ် နေအိမ်ရာချီ မီးရှို့ဖျက်ဆီးကာ ဘုရားဆင်းတုတော်များပါ ခိုးယူသွား

331
Photo: CJ

ဧပြီလ ၂၂ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့မြောက်ပိုင်းရှိ ထီဖိုးစံနှင့် နောင်တပွဲကျေးရွာအုပ်စုအတွင်းရှိကျေးရွာများကို စစ်အုပ်စုတပ်နှင့် ၎င်းတို့နှင့် ပူးပေါင်းထားသည့် DKBA ဗိုလ်ဘိတပ်ဖွဲ့က ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ်အလုံး ၁၀၀ ထက်မနည်း မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီလ ၁၀ ရက်မှ ၂၀ ရက်နေ့အထိ စစ်အုပ်စုတပ်နှင့် DKBA ပူးပေါင်းစစ်ကြောင်းသည် ထီဖိုးစံ၊ မြပတိုင်၊ နောင်မီ၊ ကော့ဖန်ရပ်၊ ကော့ကလောင်၊ ကော့သာစူး၊ ကော့ဖန်ရနှင့် နောင်ကိုင်း ကျေးရွာများအတွင်း ဝင်ရောက်ကာ လမ်းဘေးဝဲယာရှိ နေအိမ်များကို ဆက်တိုက်မီးရှို့ ဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု ထီဖိုးစံကျေးရွာ အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

၎င်းက “အခု ၁၉ ရက်နဲ့ ၂၀ ရက်မှာ ထီဖိုးစံအုပ်စုထဲက ကွီမောင်တိုင်ရွာ မီးရှို့ခံရတယ်။ သင်္ကြန်ရက် တွေအတွင်းမှာတင် ရွာ ၇ ရွာလောက်က အိမ်တွေ အကုန်မီးရှို့ခံရတာ။ အားလုံးပေါင်းရင် အိမ်အလုံး ၁၀၀ ကျော်ပြီ။ အိမ်အသုံးအဆောင်တွေတင်မကဘူး၊ တန်ဖိုးကြီးတဲ့ ဘုရားဆင်း တုတွေကိုပါ ခိုးယူ သွားကြတယ်။ ထီဖိုးစံဘုန်းကြီးကျောင်းက ကျောက်ဆင်းတုနဲ့ ကြေးဆင်းတုတော်ကြီးတွေကိုပါ သယ်သွားကြတာ” ဟု ပြောသည်။

ထို့အပြင် နောင်ကိုင်းနှင့် မိဖာလဲကျေးရွာဘက်တွင်လည်း စစ်အုပ်စုတပ်က လက်နက်ကြီး၊ ဒရုန်းနှင့် လေကြောင်းတိုက်ခိုက်မှုများကို ပိုမိုလုပ်ဆောင်နေသည့်အတွက် ဒေသခံများ၏ နေအိမ်နှင့် အဆောက်အဦးများစွာ ထိခိုက်ပျက်စီးမှုရှိနေကြောင်းလည်း ဒေသခံများက ဆိုသည်။

ကော့ကရိတ်မြောက်ပိုင်းတွင် စစ်အုပ်စုတပ်စစ်ကြောင်းများမှာ နယ်မြေစိုးမိုးမှုမရရှိဘဲ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) မဟာမိတ်ပူးပေါင်းတပ်များ၏ ကြားဖြတ်တိုက်ခိုက်မှုကြောင့် အကျအဆုံးများပြားနေသည့်အတွက် ယခုကဲ့သို့ ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်းဖြစ်ကြောင်း KNLA မဟာမိတ်တပ် ၃၁ ဗျူဟာစစ်ကြောင်း သတင်းအရင်းအမြစ်ဘက် က ပြောသည်။

Photo: CJ

“သူတို့ အခုထိ အောက်ဘိုတဲလမ်းကို မရသေးဘူး။ ရွာတွေမှာလည်း အထိုင်မချနိုင်သေးဘူး။ ၂၀၂၅ အောက်တိုဘာလကတည်းက စတိုက်တာ၊ အခုထိ စစ်သားရော အရာရှိတွေပါ တော်တော်လေး အကျများနေတော့ အရင်က ကော့ကရိတ်မြို့ထဲမှာ လုပ်ခဲ့သလိုမျိုး အခု ရွာဘက်တွေကို မီးရှို့ဖျက်ဆီးတဲ့ပုံစံနဲ့ တိုက်လာတာဖြစ်တယ်” ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် တိုက်ပွဲကြောင့် ဘေးလွတ်ရာသို့ စစ်ဘေးရှောင်နေရသည့် ဒေသခံအချို့ နေရပ်သို့ ပြန်လည်ဝင်ရောက်ရန် ကြိုးပမ်းသော်လည်း DKBA ဗိုလ်ဘိတပ်ဖွဲ့က ဝင်ခွင့်မပြုဘဲ ပြန်လည် မောင်းထုတ်မှုများ ရှိနေကြောင်း သိရသည်။

ဒေသခံရွာသားတစ်ဦးက “သင်္ကြန်တွင်းက အိမ်ကိုပြန်ကြည့်တော့ ဗိုလ်ဘိအဖွဲ့တွေက ရွာထဲ ပေးမဝင်ဘူး၊ ပြန်မောင်းလွှတ်တယ်။ ထီဖိုးစံဆရာတော်ဆိုလည်း ကျောင်းကိုပြန်ကြည့်ဖို့ ကြွလာတာ၊ စစ်တပ်က ကျောင်းဝင်းထဲ ပေးမဝင်လို့ ပြန်ကြွသွားရတယ်” ဟု ပြောသည်။

ကော့ကရိတ်မြောက်ပိုင်းရှိ အောက်ဘိုတဲ၊ ထီဖိုးစံ၊ မိဖာလဲနှင့် နောင်ကိုင်းရွာများဘက်တွင် ယနေ့ ဧပြီလ ၂၀ ရက်နေ့အထိ နှစ်ဖက်စစ်ရေး တင်းမာနေဆဲဖြစ်သလို မြဝတီမြို့တောင်ဘက်ရှိ မင်းလက်ပံနှင့် ဖဘလူးကျေးရွာဘက်တွင်လည်း စစ်အုပ်စုက ဒရုန်းဖြင့် မီးလောင်ဗုံးကြဲချမှုကြောင့် နေအိမ် ၅၀ ခန့် မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံသတင်းအရင်းအမြစ်များထံမှ သိရသည်။