Home သတင်း အာဏာသိမ်းစစ်အုပ်စု၏ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်မှုအပေါ် ကရင်လူမှုအဖွဲ့အစည်းက အမျိုးသမီးတွေရဲ့အမြင်သဘောထား

အာဏာသိမ်းစစ်အုပ်စု၏ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်မှုအပေါ် ကရင်လူမှုအဖွဲ့အစည်းက အမျိုးသမီးတွေရဲ့အမြင်သဘောထား

444

အာဏာသိမ်းစစ်အုပ်စု၏ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်မှုအပေါ် ကရင်လူမှုအဖွဲ့အစည်းက အမျိုးသမီးတွေရဲ့အမြင်သဘောထား

ဧပြီ (၂၃)ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

စစ်ခေါင်းဆောင်ဟောင်း မင်းအောင်လှိုင် သမ္မတနေရာအရယူပြီးတဲ့နောက် တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ်-NCA လက်မှတ်ထိုးထားတဲ့အဖွဲ့တွေ၊ လက်မှတ်မထိုးရသေးတဲ့အဖွဲ့တွေနဲ့ ဧပြီ(၂၁)ရက်ကနေ ဇူလိုင်(၃၁)ရက်အတွင်း ငြိမ်းချမ်းရေးဆွေးနွေးမယ်လို့ ထပ်မံပြောဆိုလိုက်ပြန်ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းအများစုကတော့ ၂၀၂၆ ရွေးကောက်ပွဲမတိုင်ခင်က စစ်အုပ်စုဟာ ငြိမ်းချမ်းရေးကိုအမှန်တကယ်လိုလားတာမျိုး မဟုတ်ဘဲ အပေါ်ယံဖိတ်ခေါ်မှုတွေသပ်သပ်သာ ရှိခဲ့လို့ အခုတစ်ခေါက်မှာလည်း ဆွေးနွေးစရာအကြောင်းမရှိဘူးဆိုပြီး တုံ့ပြန်နေကြပါတယ်။

အာဏာသိမ်းစစ်အုပ်စုက ငြိမ်းချမ်းရေးဆွေးနွေးဖို့ ထပ်မံဖိတ်ခေါ်လာတဲ့အပေါ်မှာ ကရင်လူမှုအဖွဲ့အစည်းမှာ လုပ်ကိုင်နေကြတဲ့အမျိုးသမီးတွေရဲ့ အမြင်ကရောဘယ်လိုရှိပါသလဲ။

နော်ကညောဖော (ကရင်အမျိုးသမီးအစည်းအရုံး-KWO ဥက္ကဌ)
စစ်အုပ်စုအနေနဲ့ အာဏာသိမ်းပြီးကတည်းက အာဏာရယူပြီး တခြားသော နိုင်ငံတွေရဲ့အားပေးထောက်ပံ့မှုတွေရအောင် အတုအယောင်ရွေးကောက်ပွဲကိုလုပ်တာ။ သူတို့လုပ်တဲ့ရွေးကောက်ပွဲကလည်း နေရာအကုန်လုံးမှာ လုပ်လို့ရခဲ့တာမျိုးမဟုတ်ဘူး။ ကျမတို့ ကေအဲန်ယူနယ်မြေထဲမှာတော့ တစ်နေရာမှလုပ်လို့မရခဲ့ဘူး။ အဲ့ဒါကြောင့်မို့လို့ ကျမတို့အနေနဲ့ အစိုးရရယ်လို့ မသတ်မှတ်ဘူး။

စစ်အုပ်စုအနေနဲ့ စာသင်ကျောင်းတွေ ဘုန်းကြီးကျောင်းတွေကို ပစ်ခတ်တာတွေမလုပ်ဘဲ ရပ်တန့်မှသာလျှင် ပြည်သူတွေက မြင်ပြီးယုံကြည်လာမယ်။ လိုအပ်တဲ့ပြောဆိုမှုတွေလည်း လုပ်ဆောင်လို့ရနိုင်မယ်။ နောက်ပြီး သူတို့အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရမယ်။

အဲ့ဒီလိုမှမဟုတ်ဘူးဆိုရင် အရင်က NCA(တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးစာချုပ်)မှာ လက်မှတ်ထိုးထားပေမဲ့လည်း အခုလိုပုံစံအတိုင်းပဲ ဆက်ဖြစ်နေအုန်းမှာပဲ။ ဒါကြောင့် စစ်တပ်အနေနဲ့ သူရှိသင့်တဲ့နေရာမှာပဲနေပြီး နိုင်ငံရေးမှာ ဝင်မပါဖို့၊ မူဝါဒလမ်းစဥ်တွေကို ပြောင်းလဲဖို့၊ ပြည်သူလူထုရဲ့ပြောဆိုမှုတွေကို ဦးစားပေးဖို့လိုတယ်။

နော်ဝါးခူရှီး (ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက်-KPSN ပြောရေးဆိုခွင့်ရှိသူ)
အာဏာသိမ်းပြီးနောက်ပိုင်း နှစ်ဖက်စလုံးကို ခြုံငုံကြည့်ရမယ်ဆိုရင် တိုင်းရင်းသားလက်နက်ကိုင်တွေအနေနဲ့ စစ်အုပ်စုရဲ့တပ်စခန်းနေရာတော်တော်များကို ရရှိထားပြီးဖြစ်တာကိုမြင်ရတယ်။ စစ်အုပ်စုအနေနဲ့ ရွေးကောက်ပွဲပြီးနောက်ပိုင်း လေကြောင်းကနေ ဒရုန်းတွေနဲ့ဗုံးကြဲတာ လေယာဥ်နဲ့ဗုံးကြဲတာမျိုးက ပြည်သူအပေါ်မှာ ပိုပြီးပြင်းပြင်းထန်ထန် လုပ်ဆောင်လာတာကို တွေ့ရတယ်။ အရပ်သားပြည်သူကို တမင်ရည်ရွယ်ပြီး ပစ်တာလို့တောင်ပြောလို့ရတယ်။ အဲ့ဒီအပေါ်မှာ ကျမတို့အနေနဲ့ တစ်ခြားသောအိမ်နီးချင်းနိုင်ငံတွေကို လေယာဉ်ဆီ၊ လက်နက်ခဲယမ်းတွေ တခြားသောသက်ဆိုင်တဲ့အရာတွေကို စစ်အုပ်စုဆီမထောက်ပံ့ဖို့ တိုက်တွန်းပြောဆိုနေတာတွေရှိတယ်။

စစ်အုပ်စုအနေနဲ့ကြည့်မယ်ဆိုရင် သူတို့မှာတိုက်ခိုက်စရာဆိုလို့ ဒါပဲရှိတော့တယ်။ ဆက်လက်ပြီး အခုဆို ငြိမ်းချမ်းရေးဖိတ်ခေါ်ပြောဆိုမှုတွေလုပ်မယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေ သူတို့ဆီ လာအောင်ပေါ့။သူတို့ပြောနေတဲ့ငြိမ်းချမ်းရေးက ကျမတို့အများပြည်သူတွေ လိုချင်နေတဲ့အရာမှမဟုတ်တာ။ ပြောလာတာတွေများပြီး တစ်ခုမှလည်းစစ်မှန်မှုမရှိဘူး။ အဲ့ဒါကြောင့်မို့လို့ တိုင်းရင်းသားလူမျိုးစုတွေအနေနဲ့ တိကျတဲ့ ရပ်တည်ချက်ပဲ ရှိရမယ်။ အများပြည်သူလိုချင်တဲ့အရာမဟုတ်တာဖြစ်တဲ့အတွက် ရပ်တည်ချက်ကတော့ မပြောင်းသွားဘူး။

နော်ထီးမူးဖော (ကရင်အမျိုးသမီးအစည်းအရုံး-KWO ဗဟိုအမြဲတမ်းကော်မတီဝင်)
စစ်အုပ်စုက ငြိမ်းချမ်းရေးဖိတ်ခေါ်တာတွေ များလှပြီ။ အနီးဆုံး NCA ကိုကြည့်မယ်ဆိုရင် ဘာတွေဘယ်လိုလုပ်ပေးမယ်ဆိုပြီး သဘောတူထားပေမဲ့ အခုချိန်အထိ ဘာမှဖြစ်လာတာမျိုး မရှိဘူး။ အဲ့ဒါကြောင့်မို့လို့ ကျမအမြင်ကတော့ ကျမတို့ရပ်တည်ချက်တွေ မပြောင်းလဲဘဲ ပုံမှန်အတိုင်းနေဖို့ ကျမတို့ကရင်ပြည်သူလူထုတွေ ဘာကိုလိုချင်နေလဲဆိုတာကို ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးက အသိဆုံးပဲ။ အဲ့ဒါကြောင့် စစ်အုပ်စုဘက်က ဘယ်လောက်ပဲဖိတ်ခေါ်ပါစေ သွားပါဝင်တိုင်ပင်ညှိနှိုင်းဖို့မရှိဘူးလို့ မြင်တယ်။