Home သတင်း ကော့ကရိတ်တောင်ပိုင်း ဖန်းခါးကုန်းတွင် ဒရုန်းဗုံးကြဲ၍ ကလေးငယ် အပါအဝင်(၂)ဦးသေဆုံး၊ (၂)ဦးဒဏ်ရာရ

ကော့ကရိတ်တောင်ပိုင်း ဖန်းခါးကုန်းတွင် ဒရုန်းဗုံးကြဲ၍ ကလေးငယ် အပါအဝင်(၂)ဦးသေဆုံး၊ (၂)ဦးဒဏ်ရာရ

501
Photo: CJ

ဧပြီ (၂၉) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်၊ အံဖကြီးကျေးရွာ၊ ဖန်းခါးကုန်းအပိုင်းတွင် ယနေ့ ဧပြီလ(၂၉)ရက်နေ့ နံနက်ပိုင်းက စစ်အုပ်စုမှ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်သဖြင့် ကလေး(၁)ဦးနှင့်လူကြီး(၁)ဦးသေဆုံးပြီး (၂)ဦးဒဏ်ရာရရှိသွားကြောင်း ကော့ကရိတ်တောင်ပိုင်းနေရွာခံအချို့ပြောပြချက်အရ သိရသည်။

ယနေ့ နံနက် ၉ နာရီ မိနစ် ၂၀ ဝန်းကျင်အချိန်က စစ်အုပ်စုကြဲချတိုက်ခိုက်လိုက်သော ဒရုန်းဗုံးကြောင့် ကလေးငယ်နှင့် အမျိုးသား(၁)ဦးသေဆုံးခဲ့ခြင်းဖြစ်သည်။ ထို့အပြင် အသက်မပြည့်သေးသည့်နောက်ထပ်ကလေး(၂)ဦးလည်း ကိုယ်ခန္ဓာအထက်ပိုင်းတွင် ထိခိုက်ဒဏ်ရာများရရှိသွားကြောင်း ဒေသခံများက ပြောသည်။

“ကော့ကရိတ်မှာရှိတဲ့ စစ်တပ်စခန်းက ခဏခဏပဲ ဒရုန်းနဲ့လာပစ်တယ်။ လူတွေက အရင်ကစစ်ရှောင်ပေမယ့်လည်း အခက်အခဲတွေများတော့ အိမ်မှာပြန်လာနေတယ်။ ပြန်လာနေတော့ လူထုတွေပဲထိတာပေါ့”ဟု ဒေသခံတစ်ဦးက ပြောသည်။

အရပ်သားပြည်သူနေထိုင်သည့်ကျေးရွာအတွင်း ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်မှုတွင် လူထိခိုက်သေဆုံးမှုရှိသလို ရွာရှိနေအိမ်(၁)လုံးလည်း ထိခိုက်ပျက်စီးမှုရှိခဲ့သည်။

လက်ရှိအချိန်ထိ ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီးအနီးဝန်းကျင်ကို စစ်အုပ်စုက ထိန်းချုပ်ထားပြီး လုံခြုံရေးအပြည့်ချထားသည်ဟု တော်လှန်ရေးတပ်ဖွဲ့ဘက်ကဆိုသည်။

၎င်းအပြင် စစ်အုပ်စုသည် ကေအဲန်ယူ တပ်မဟာ(၆)နယ်မြေ၊ ကော့ကရိတ်တောင်ပိုင်းဘက်သို့ စစ်ကြောင်းထိုးဖို့ပြင်ဆင်မှုရှိနေသလို ကမိုင်ကုန်းနှင့် ကြောင်လျှာကုန်းကျေးရွာဘက်သို့ လတ်တလော ထိုးစစ်ဆင်ဝင်ရောက်နေခြင်းရှိကြောင်းလည်း ကရင်စစ်ရေးသတင်းအရင်းအမြစ်ထံမှ သိရသည်။

Photo: CJ