မတ်လ ၉ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ ၄ ထိန်းချုပ်နယ်မြေ၊ မြိတ်-ထားဝယ်ခရိုင်၊ လယ်ကဆောမြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးလာသည့် စစ်အုပ်စု၏ ပူးပေါင်းစစ်ကြောင်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ယနေ့ မတ်လ ၉ ရက်နေ့တွင် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုဘက်မှ ၄ ဦး သေဆုံးခဲ့သည်ဟု သိရသည်။
ယနေ့ နံနက် ၁၀ နာရီအချိန်ခန့်တွင် စစ်အုပ်စု၏ ခြေမြန်တပ်ရင်းဖြစ်သော ခမရ (၅၅၉)၊ (၅၆၀)၊ (၃၅၈) နှင့် (၂၂၄) တပ်ရင်းများ ပါဝင်သည့် ပူးပေါင်းစစ်ကြောင်းသည် လယ်ကဆောမြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်နေစဉ် လေညာ-ရတနာပုံလမ်းပိုင်း မိုင်တိုင် ၅ မိုင်အနီးတွင် KNLA တပ်မဟာ ၄၊ တပ်ရင်း ၂၀၃ နှင့် ပူးပေါင်းတပ်ဖွဲ့များက စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ တိုက်ပွဲအခြေအနေနှင့် ပတ်သက်၍ ကေအဲန်ယူ-မြိတ်ထားဝယ်ခရိုင်၊ ပြည်သူ့ဆက်ဆံရေးနှင့် သတင်းပြန်ကြားရေးဌာနက “အာဏာသိမ်းအကြမ်းဖက်စစ်တပ်ဘက်က ၄ ဦးသေဆုံးပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ တိုက်ပွဲအတွင်း လက်နက်ခဲယမ်းအချို့ကိုလည်း သိမ်းဆည်းရမိခဲ့သည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တိုက်ပွဲအတွင်း KNLA ပူးပေါင်းတပ်ဖွဲ့များက စစ်အုပ်စုထံမှ MA-1 (၁) လက်၊ MA-3 (၂) လက်၊ ကျည်ဆန်အိမ် (၄) ခုနှင့် အခြားစစ်အသုံးအဆောင်ပစ္စည်းအချို့ကို သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ပြီးခဲ့သည့်ရက်ပိုင်းတွင်လည်း အဆိုပါ ဒေသအနီးတဝိုက်တွင် စစ်အုပ်စုတပ်နှင့် နယ်မြေခံ KNLA ပူးပေါင်းတပ်ဖွဲ့များအကြား စစ်ရေးတင်းမာမှုများ ဆက်ရှိနေသလို စစ်အုပ်စုဘက်က စစ်ကြောင်းထိုးလှုပ်ရှားမှုများ ဆက်တိုက်လုပ်ဆောင်နေကြောင်း ဒေသတွင်း သတင်းဖော်ပြချက်များအရ သိရသည်။



















