မတ်လ ၁၉ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ စက်သုံးဆီဆိုင်ကြီးအချို့တွင် စက်သုံးဆီပြတ်လပ်မှုနှင့် အချိန်အကန့် အသတ်ဖြင့် ရောင်းချမှုများကြောင့် ဒေသတွင်းရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများမှာ လုပ်ငန်းခွင်နောက်ကျခြင်းနှင့် နေ့စဉ်လူမှုဘဝ အခက်အခဲများ ကြုံတွေ့နေရသည်ဟု သိရသည်။
ပြီးခဲ့သည့် ရက်ပိုင်းမှစတင်၍ မဲဆောက်မြို့ရှိ အစိုးရသတ်မှတ်ဈေးဖြင့် ရောင်းချသည့် ဆီဆိုင်ကြီးများတွင် ဆီတန်းစီဝယ်ယူရခြင်း၊ အချိန်အကန့်အသတ်ဖြင့်သာ ရောင်းချခြင်းနှင့် အချို့ဆိုင်များတွင် ဆီဝယ်ယူ၍မရတော့သည့် အခြေအနေများကြောင့် အခြေခံအလုပ်သမားများ၏ အလုပ်အကိုင်နှင့် သွားလာရေးကို ထိခိုက်လာခြင်းဖြစ်သည်။
မဲဆောက်မြို့ရှိ ရွှေ့ပြောင်းအလုပ်သမားတစ်ဦးဖြစ်သူ မညိုမီက “စစဖြစ်ချင်းမှာတော့ တန်းစီရတာ ခဏလေးပဲ ဆီရတယ်။ ဒါပေမဲ့ အခုနောက်ပိုင်းဆိုရင် တန်းစီရတာ နည်းနည်း ပိုကြာလာတယ်။ ကားတန်းတွေဆိုရင် တစ်တန်းကနေ နှစ်တန်းထိ ဖြစ်လာတယ်။ အခက်အခဲကတော့ အချိန်ကြာတာပဲ။ ကိုယ့်အလှည့်ရောက်မှ ကိုယ်လိုချင်တဲ့ဆီ မရသွားတာမျိုးတွေလည်း ရှိတယ်” ဟု ကေအိုင်စီသို့ ပြောသည်။
ယခုကဲ့သို့ ဆီဆိုင်များတွင် အချိန်အတော်ကြာ တန်းစီစောင့်ဆိုင်းနေရသည့်အတွက် အလုပ်သမားများသည် လုပ်ငန်းခွင်သို့ အချိန်မီမရောက်ရှိဘဲ အလုပ်ရှင်များ၏ ဆူပူမှုကို ခံရသည့်အပြင် ကလေးများကို ကျောင်းကြို၊ ကျောင်းပို့လုပ်ရာတွင်လည်း အချိန်နောက်ကျမှုများ ကြုံတွေ့နေရသည်ဟု ၎င်းက ဆက်ပြောသည်။
လက်ရှိတွင် အစိုးရသတ်မှတ်ဈေးဖြင့် ရောင်းချသည့် ဆီဆိုင်ကြီးများတွင် ဆီပြတ်လပ်နေသော်လည်း ပြင်ပပုဂ္ဂလိကဆိုင်ငယ်အချို့တွင် ဈေးနှုန်းမြှင့်တင်ရောင်းချမှုများရှိနေကြောင်း ကိုယ်တိုင်ဝယ်ယူသုံးစွဲသူများထံမှ သိရသည်။
“အစိုးရဆီဆိုင်မဟုတ်တဲ့ ပုဂ္ဂလိကဆီဆိုင်တွေမှာဆိုရင် ဆီဈေးတွေ တင်ရောင်းနေတာရှိတယ်။ ကျမအနေနဲ့ မနက်က ဆီဖြည့်ခဲ့တယ်၊ ပုဂ္ဂလိကဆိုင်မှာ ၃ လီတာကို ၁၂၀ ကျော်တောင် ပေးခဲ့ရပါတယ်” ဟု မဲဆောက်ရှိ အခြားရွှေ့ပြောင်းအလုပ်သမားတစ်ဦးက ဆိုသည်။
ထိုင်းအစိုးရဘက်ကမူ လက်ရှိဆီပြတ်လပ်ရခြင်းမှာ တိုးလာသည့် ဝယ်လိုအားအပေါ် အချိန်မီ ပို့ဆောင်နိုင်ခြင်းမရှိခြင်းသာဖြစ်ပြီး လောင်စာဆီ အလုံအလောက်ရှိကြောင်း ပြောဆိုထားသည်။ သို့သော် ယနေ့ (မတ်လ ၁၉ ရက်) မှစတင်ကာ ထိုင်းတစ်နိုင်ငံလုံးရှိ ဆီဆိုင်ကြီးများတွင် ဆီဈေးနှုန်းများကို စတင်တိုးမြှင့်သွားမည်ဟု ထိုင်းသယ်ယူပို့ဆောင်ရေးဝန်ကြီးက ယမန်နေ့တွင် အသိပေးပြောဆိုထားသည်။
ကမ္ဘာ့ရေနံဈေးနှုန်း မြင့်တက်လာမှုနှင့်အတူ နောက်ဆက်တွဲအနေဖြင့် အခြေခံစား သောက်ကုန်ဈေးနှုန်းများပါ လိုက်ပါမြင့်တက်လာမည်ကို မြန်မာရွှေ့ပြောင်းအလုပ်သမားများက စိုးရိမ်နေကြသော်လည်း ထိုင်းကုန်သည်များက လက်ရှိကုန်ပစ္စည်းလက်ကျန်အရ နောက်ထပ် ရက်ပေါင်း ၆၀ အထိ ကုန်ဈေးနှုန်းကို တည်ငြိမ်အောင် ထိန်းထားနိုင်သေးသည်ဟု ခန့်မှန်းပြောဆိုထားသည်။



















