Home သတင်း ရွှေ့ပြောင်းကလေးငယ်များ၏ အခမဲ့ပညာသင်ခွင့်ကို ထိုင်းအစိုးရ ဆက်လက်ဖော်ဆောင်ပေးရန် ပညာရေးတက်ကြွလှုပ်ရှားသူများ မျှော်လင့်

ရွှေ့ပြောင်းကလေးငယ်များ၏ အခမဲ့ပညာသင်ခွင့်ကို ထိုင်းအစိုးရ ဆက်လက်ဖော်ဆောင်ပေးရန် ပညာရေးတက်ကြွလှုပ်ရှားသူများ မျှော်လင့်

625
Photo: Social Media

မတ်လ ၁၉ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

အစိုးရ စာသင်ကျောင်းများတွင် ထိုင်းနိုင်ငံသားမဟုတ်သည့် ရွှေ့ပြောင်းကလေးငယ်များ၏ အခမဲ့ပညာသင်ခွင့်ကို ထိုင်းအစိုးရက ဆက်လက် ဖော်ဆောင်ပေးရန် ရွှေ့ပြောင်း ကလေး ပညာရေးအတွက် လုပ်ဆောင်ပေးသူများက မျှော်လင့်ကြသည်။

ပြီးခဲ့သည့် မတ်လ ၁၇ ရက်နေ့တွင် ထိုင်းအမျိုးသားရေး လှုပ်ရှားသူများစုပေါင်း၍ ရွှေ့ပြောင်း ကလေး ငယ်များ၏ အခမဲ့ပညာသင်ခွင့်ကို ကန့်ကွက်ကြောင်း လက်မှတ်ပေါင်း ၈၆,၀၀၀ ကျော်ကို ပညာရေး ဝန်ကြီးဌာနထံ တရားဝင်ပေးအပ်ကာ ဖိအားပေး တောင်းဆိုခဲ့ခြင်းဖြစ်သည်။

သို့သော် မြန်မာရွှေ့ပြောင်းအလုပ်သများအရေး လုပ်ဆောင်နေသည့် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း-FED အဖွဲ့မှ ညွှန်ကြားရေးမှူးချုပ် ဦးထူးချစ်ကမူ ရွှေ့ပြောင်းအလုပ်သမားများသည် ထိုင်းနိုင်ငံအတွင်း အစိုးရထံ အခွန်အခများ ပေးဆောင်ပြီး အလုပ်လုပ်နေကြသည့်အတွက် အဆိုပါ ကန့်ကွက်စာတင်သော်လည်း အစိုးရဘက်မှ ရွှေ့ပြောင်းကလေးများအတွက် ဆက်ပြီးအကောင်အထည်ဖော်မည်ကို မျှော်လင့်သည်ဟု ပြောသည်။

“သူတို့ကန့်ကွက်ပေမယ့်လည်း ကိုယ်တွေထင်တာကတော့ မဖြစ်နိုင်ဘူးလို့ ထင်ပါတယ်။ သူတို့ ထိုင်းအစိုးရရဲ့ ဘတ်ဂျက်ကိုသုံးစွဲတယ်လို့ အကြောင်းပြချက်လောက်ပဲ။ တကယ်တော့ ရွှေ့ပြောင်း အလုပ်သမားတွေက ထိုင်းအစိုးရရဲ့အခွန်၊ အခတွေပေးထားတယ် သက်ဆိုင်ရာ အစိုးရလူမှုဖူလုံ ရေးရန်ပုံငွေတွေလည်းထည့်ထားတာရှိတယ်။ ”ဟု ဦးထူးချစ်က ကေအိုင်စီသို့ ပြောသည်။

အဆိုပါ ထိုင်းအမျိုးသားအရေး လှုပ်ရှားသူများအဖွဲ့၏ ပေးအပ်သော ကန့်ကွက်လက်မှတ်များကို ထိုင်းပညာရေးဝန်ကြီးဌာနက လက်ခံရယူထားပြီး ပြန်လည်သုံးသပ်သွားမည်ဖြစ်ကြောင်း သိရသည်။ အကယ်၍ မအောင်မြင်ပါက ဝန်ကြီးချုပ်ရုံးအထိ ဆက်လက်တောင်းဆိုသွားမည်ဟု ထိုအဖွဲ့က ပြောဆိုထားသည်။

ထို့အပြင် “Education for All “ ဆိုသည့် ထိုင်းအစိုးရမူဝါဒသည် တတ်သိပညာရှင်၊ လူထု သဘောထားစစ်တမ်းနှင့်တစ်ကွ လေ့လာအတည်ပြု ရေးဆွဲပြီး ချမှတ်ထားသည့် မူဝါဒတစ်ရပ်ဖြစ် သည့်အတွက် အလွယ်တကူ ပယ်ဖျက်နိုင်မည်မဟုတ်ကြောင်းလည်း ဦးထူးချစ်က ဆက်ပြောသည်။

ထိုင်းနိုင်ငံသား မဟုတ်သည့် နိုင်ငံခြားကလေးငယ်များအတွက် အခွန်ဘဏ္ဍာငွေ ဘတ်သန်း ၈၀၀ သုံးစွဲမည့်အပေါ် အမျိုးသားရေးလှုပ်ရှားသည့်အဖွဲ့မှ ထိုင်းအစိုးရကို မေးခွန်းထုတ်ထားသည်။ အခမဲ့ ပညာသင်ခွင့်မရရှိသေးသည့် ထိုင်းကလေးငယ်များရှိနေသေးသည့်အတွက် ထိုမူဝါဒများသည် ထိုင်းကလေးငယ်အတွက်သာဖြစ်ရမည်ဖြစ်ကြောင်းလည်း အဆိုပါ အဖွဲ့က ပြောဆိုထားသည်။

ရွှေ့ပြောင်းအလုပ်သမားကျောင်းသားမိဘတစ်ဦးက “သူတို့နိုင်ငံဆိုတော့ ကန့်ကွက်ပိုင်ခွင့်ရှိပါတယ်။ ဒါပေမယ့် ကျမတို့ရွှေ့ပြောင်းအလုပ်သမားတွေဆီ တစ်နှစ်တစ်နှစ် သူတို့အစိုးရ အများကြီးအခွန်ပြန်ရပါတယ်။ တစ်နှစ်တစ်နှစ် အထောက်အထား ကိစ္စအားလုံး ကျမတို့က ပေးရပါတယ်။”ဟု ကေအိုင်စီသို့ ပြောသည်။

မြန်မာအပါအဝင် ရွှေ့ပြောင်းအခြေချသူများ၏ ကလေးငယ်များအတွက် ထိုင်းနိုင်ငံအတွင်း အိမ်ထောင်စုစာရင်းအထောက်အထားရှိသူများဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ မည်သူမဆို ပညာသင်ကြားခွင့် ရမည့် ပညာရေးဥပဒေတစ်ခုကို ပြီးခဲ့သည့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်နေ့က ထိုင်းအစိုးရက အတည်ပြုပြဋ္ဌာန်းထားသည်။ အထောက်အထားမရှိသည့် ကလေးများအတွက် အက္ခရာ G ပါသည့် G-Code ၁၃ လုံးပါ ကိုယ်ပိုင်နံပါတ်ထုတ်ပေး၍ လက်ခံမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ထားသည်။