မဆန်းသော မသစ်သော အခင်းအကျင်းမှာ အချင်းချင်း ချစ်ခင်စည်းလုံးကြဖို့
မောင်ကျော်စွာ
(၂၀၂၆ ခုနှစ်၊ မတ်လ ၂၅ ရက်)
ပြီးခဲ့တဲ့အပတ်မှာ လာတော့မယ့် “အခင်းအကျင်း”အကြောင်း ကျနော်ရေးသားတင်ပြခဲ့ပါတယ်။ အခု တစ တစနဲ့ အခင်းအကျင်းက ပုံပေါ်လာနေပါပြီ။ မတ်လကုန် ဧပြီလဆန်းရင် အခင်းအကျင်းကို ခြေဆုံးခေါင်းဆုံးကို ကျနော် တို့ မြင်တွေ့ကြရပါတော့မယ်။
“အခင်းအကျင်း” အကြောင်း ကျနော်ရေးသားတင်ပြခဲ့တာမှာ ကျနော့်စာဖတ်သူမိတ်ဆွေတွေ စကားလုံးတစ် လုံးကို သတိပြုမိကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ အဲဒါက “သစ်” ဆိုတဲ့ စကားလုံးပါပဲ။ ဒီ “သစ်” ဆိုတဲ့ စကားလုံးကို ကျနော် တမင်တကာပဲ ချန်လှပ်ထားခဲ့တာပါ။ ဖြစ်ရိုးဖြစ်စဉ်သဘောအရ ဒီနေ့ကနေ မနက်ဖန် (သို့မဟုတ်) အနေအ ထားတစ်ခုက အခြားအနေအထားတစ်ခု (သို့မဟုတ်) အခင်းအကျင်းတစ်ခုကနေ အခြားအခင်းအကျင်းတစ်ခုသို့ ပြောင်းလဲရာမှာ “နေ့သစ် – အနေအထားသစ် – အခြေအနေသစ် – အခင်းအကျင်းသစ်” ဆိုပြီး “သစ်” ဆိုတဲ့ စကားလုံးနဲ့ ခွဲခြားပြီး ကွဲပြားအောင် ဝိသေသပြုကြပါတယ်။
ဒါပေမယ့် ကျနော်က “သစ်”ဆိုတဲ့ စကားလုံးကို တမင်တကာပဲ ချန်ထားခဲ့ရတဲ့အကြောင်းရင်းက ၂၀၀၈ အခြေခံဥပဒေဘောင်ထဲမှာ မင်းအောင်လှိုင်လက်ထဲက အာဏာ ၃ရပ် (ဥပဒေပြုရေး – အုပ်ချုပ်ရေး – တရားစီရင်ရေး) ဟာ မင်းအောင်လှိုင် အလိုကျ ရွေးကောက်ပွဲရလဒ်နဲ့ မင်းအောင်လှိုင် စိတ်ကြိုက်အခင်းအကျင်းတစ်ခုကို ဖန်တီးပေး လိုက်တာနဲ့ မင်းအောင်လှိုင်လက်ထဲက “အာဏာ ၃ရပ်”ဟာ အခြားဘယ်သူ့ဆီ အခြားဘယ်နေရာကိုမှ ရောက်မသွား နိုင်လို့ပါပဲ။
မင်းအောင်လှိုင် အလိုကျ ရွေးကောက်ပွဲရလဒ်နဲ့ “ကာချုပ်” ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “သမ္မတ” ဦးမင်းအောင်လှိုင်ဆီကို ၂၀၀၈ အခြေခံဥပဒေနဲ့အညီ အာဏာလွှဲပြောင်းပေးတာဟာ ဘာမှမပြောင်းလဲ၊ ဘာမှမထူးခြား ဘာမှဆန်းသစ်မနေပါဘူး။ ဒါဟာ “သစ်”ဆိုတဲ့ စကားလုံးကို ကျနော် တမင် ချန်လှပ်ထားခဲ့ရတဲ့အကြောင်းနဲ့ အကျိုး ဖြစ်ပါတယ်။
တခြားဝေးဝေး မကြည့်ပါနဲ့။ ပြီးခဲ့တဲ့ မတ်လ (၁၆)ရက်နဲ့ မတ်လ (၁၈)ရက်နေ့မှာ ပေါ်လာခဲ့တဲ့ “ပြည်သူ့လွှတ် တော်နဲ့ အမျိုးသားလွှတ်တော်” ဆိုတဲ့ အခင်းကျင်းတွေကိုပဲ တစ်ချက်လောက် ကြည့်လိုက်ပါ။
မင်းအောင်လှိုင်ဟာ သူ့ကောင်တွေအပေါ်မှာ ဘယ်လောက် မီးသေလိုက်ပါသလဲ။
– ရပ်စောက်မြို့နယ်မှ ဒေါက်တာပွင့်ဆန်းက “ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌလောင်းအဖြစ်” ဇေယျာသီရိ မဲဆန္ဒနယ်မှ ဦးခင်ရီ တစ်ဦးတည်းကိုသာ အမည်စာရင်းတင်သွင်းပြီး ပုသိမ်မဲဆန္ဒနယ်မှ ဦးသန်းထွန်းက ထောက်ခံတယ်။
– စစ်ကိုင်းတိုင်းမဲဆန္ဒနယ်မှ ဦးသက်ပုံက “ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌလောင်းအဖြစ်” တပ်ကုန်းမြို့နယ် မဲဆန္ဒနယ် မှ ဦးမောင်မောင်အုန်း တစ်ဦးတည်းကိုသာ အမည်စာရင်းတင်သွင်းပြီး ပုဗ္ပာသီရိ မဲဆန္ဒနယ်မှ ဦးလှဆွေက ထောက်ခံ တယ်။
– ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်တင်မြင့်က “အမျိုး သားလွှတ်တော်ဥက္ကဋ္ဌလောင်းအဖြစ်” မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၁၁)မှ အမျိုးသားလွှတ်တော်ကိုယ် စားလှယ် ဦးအောင်လင်းဒွေး တစ်ဦးတည်းကိုသာ အမည်စာရင်းတင်သွင်းပြီး ရန်ကုန်တိုင်းဒေသကြီးမဲဆန္ဒနယ် အမှတ် (၃) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်က ထောက်ခံတယ်။
– ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၆)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ထွန်းက “အမျိုးသား လွှတ်တော် ဒုတိယဥက္ကဋ္ဌလောင်းအဖြစ်” ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၂)မှ အမျိုးသားလွှတ်တော်ကိုယ်စား လှယ် Jeng Phang နော်တောင် တစ်ဦးတည်းကိုသာ အမည်စာရင်း တင်သွင်းပြီး တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၂) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးသန်းအောင်က ထောက်ခံတယ်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၃၇၃ဦး ရှိသည့်အနက် ကိုယ်စားလှယ်အားလုံး (ပျက်ကွက်သူမရှိ) တက် ရောက်ကြတယ်။ ထိုနည်းတူ အမျိုသားလွှတ်တော်မှာလည်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၂၁၃ဦးစလုံး (ပျက် ကွက်သူမရှိ ) တက်ရောက်ကြတယ်။
ဒီတော့ လွှတ်တော် ၂ရပ်လုံး (ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်)က လွှတ်တော်ကိုယ်စားလှယ်တွေ ရာနှုန်းပြည့်တက်ရောက်ကြရပြီး ပြည့်သူ့လွှတ်တော်မှာ ဗိုလ်ခင်ရီနဲ့ ဗိုလ်မောင်မောင်အုန်း၊ အမျိုးသားလွှတ်တော်မှာ ဗိုလ်အောင်လင်းဒွေးနဲ့ Jeng Phang နော်တောင်တို့ကို ပြိုင်ဘက်မရှိ၊ ကန့်ကွက်သူမရှိ ရွေးပေးခဲ့ကြရတယ် မဟုတ် လား။
ဒါဟာ မင်းအောင်လှိုင်နဲ့ စစ်အုပ်စုတို့ စိတ်ကြိုက်ရေးဆွဲထားတဲ့ ဇာတ်ညွှန်းအတိုင်း အတိအကျ ခင်းကျင်းလာ တဲ့ ကနဦးပြကွက်ထဲက ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်တို့ရဲ့ လက်တွေ့အခင်းအကျင်း ဖြစ်ပါတယ်။ တိုင်း ဒေသကြီး (သို့မဟုတ်) ပြည်နယ်တစ်ခုခုမှာသာ စည်းရုံးကြရတဲ့ ပါတီငယ်လေးတွေ “အိမ်ဖြည့်” သဘောပဲ ဆိုတာ ထင်ရှားပါတယ်။
အဲဒီလို မီးသေလှတဲ့ လွှတ်တော် ၂ရပ်ကနေ သမ္မတနဲ့ ဒုတိယသမ္မတတွေကိုလည်း အလားတူပဲ ပြိုင်ဘက်မရှိ ကန့်ကွက်သူမရှိ ရွေးပေးကြရမှာပဲလို့ ကောက်ချက်ချရင် ရနိုင်မယ် မဟုတ်ပါလား။ မင်းအောင်လှိုင်ကို သမ္မတအဖြစ် အမည်စာရင်းတင်သွင်းတာမှာ ဘယ်သူက ဘယ်ပါတီက ယှဉ်ပြိုင်သမ္မတ အမည်တင်သွင်းဝံ့မှာမို့လဲ။ မင်းအောင်လှိုင် ကို သမ္မတအဖြစ် ရွေးချယ်ရာမှာလည်း ဘယ်သူက ဘယ်ကိုယ်စားလှယ်က မေးခွန်းထုတ်ဝံ့မှာလဲ ကန့်ကွက်မဲ ပေးဝံ့မှာ လဲ။
ဒီတော့ အဲဒီလို “သမ္မတနဲ့ လွှတ်တော် ၂ရပ်” ဆိုတဲ့ အခင်းအကျင်း အပြည့်အစုံ ပုံပေါ်လာပြီဆိုရင်တော့ မင်းအောင်လှိုင်က တစ်ဖက်သတ် အပစ်အခတ်ရပ်ကြောင်း ကြေညာတာ (သို့မဟုတ်) လူမျိုးစုတိုင်းရင်းသားအဖွဲ့အ စည်းတွေကို ဆွေးနွေးစကားပြောဖို့ ဖိတ်ခေါ်ကြောင်း ပြောကြားလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။
အခင်းအကျင်းတွေအကြောင်းကို ပြောပြီဆိုရင် ကျနော့်မှာ စိုးရိမ်မှုတစ်ခု ကြီးကြီးမားမားရှိပါတယ်။ အဲဒါက တော့ “ဘုံရန်သူ” လို့ဆိုပြီး ပြင်းပြင်းထန်ထန် တိုက်နေကြတုန်းက စစ်အုပ်စုကလည်း ပြင်းပြင်းထန်ထန် ထိုးစစ်ဆင် တိုက်ခိုက်နေတုန်းမှာ မင်းအောင်လှိုင်စစ်အုပ်စုကို လက်နက်ကိုင်တိုက်ပွဲဝင်နေတဲ့ အင်အားစုတွေ အသီးသီးအကြားမှာ ကွဲပြားမှုဟာ မကြီးမား၊ မသိသာသေးပေမယ့် စစ်အုပ်စုက ငြိမ်းချမ်းရေးဆွေးနွေးဖို့ ကမ်းလှမ်းလာပြီဆိုရင်တော့ ကွဲပြားမှုဟာ မူလက ထင်မြင်ယူဆထားတာထက် ပိုမို ကြီးမားနက်ရှိုင်းနေတဲ့အချက် ပေါ်ထွက်လာတာကို မြင်ရပါ တယ်။ ဒါဟာ ၁၉၈၈ ခုနှစ်နောက်ပိုင်းကနေ မျက်မှောက်ကာလအထိ ကိုယ်ပိုင်ဖြတ်သန်းမှု အတွေ့အကြုံအရ ပြောတာပါ။ ၁၉၈၈ခုနှစ်ရဲ့ ဟိုမှာဘက်ပိုင်း ၁၉၄၈ခုနှစ်ကနေ ၁၉၈၈ခုနှစ်အထိ စာတွေ့နဲ့ တစ်ဆင့်စကား ပြောကြား ချက်တွေကလည်း ဒီကိုယ်ပိုင်အတွေ့အကြုံကို အချက်အလက်အရ အားဖြည့်ပေးနေပါတယ်။
သမ္မတ မင်းအောင်လှိုင် ဆိုတဲ့ အခင်းအကျင်းနဲ့ စကားပြောဖို့ ဖိတ်ခေါပြီဆိုရင်လည်း သက်ဆိုင်ရာ အဖွဲ့အ စည်းတွေဟာ မိမိကိုယ်ပိုင်လွတ်လပ်ခွင့်အရ ကြိုက်သလို ဆုံးဖြတ်ခွင့်ကိုယ်စီ ရှိကြပါတယ်။ မသွားကြနဲ့ (သို့မဟုတ်) သွားကြပါလို့ တားမြစ်စရာ သို့မဟုတ် တိုက်တွန်းစရာ ဘာအကြောင်းမှ မရှိပါဘူး။
အားလုံးကို အောက်ပါအချက် (၃)ချက်ပဲ အလေးအနက် ပန်ကြားချင်ပါတယ်။
– “မသွားဘူး” လို့ ဆုံးဖြတ်ကြတဲ့အခါမှာလည်း မိမိအဖွဲ့အစည်းရဲ့ မူပေါ်လစီစည်းမျဉ်းနဲ့အညီ ဆုံးဖြတ်ကြဖို့ပါ။
– “သွားမယ်” လို့ ဆုံးဖြတ်ကြတဲ့အခါမှာလည်း မိမိအဖွဲ့အစည်းရဲ့ မူပေါ်လစီစည်းမျဉ်းနဲ့အညီ ဆုံးဖြတ်ကြဖို့ပါ။
– “မသွားဘူး”လို့ ဆုံးဖြတ်သူနဲ့ “သွားမယ်” လို့ ဆုံးဖြတ်သူတွေဟာ ကိုယ်စီဆုံးဖြတ်တွေ ထိပ်တိုက် တိုးမိကြပြီး နင်ပဲငဆ ပဋိပက္ခတွေကို အပြန်အလှန်ထိန်းသိမ်းကြပြီး အချင်းချင်းအကြား သွေးထွက်သံယို လက်နက်ကိုင်ပဋိပက္ခအထိ ကြီးထွားပြင်းထန် ကျယ်ပြန့်မလာစေဖို့ အားလုံးက သတိရှိကြဖို့ပါ။
ပြီးတော့ စစ်အုပ်စု အုပ်စိုးသူအဆက်ဆက်ရဲ့ “ငြိမ်းချမ်းရေးဆွေးနွေးဖို့ ကမ်းလှမ်းချက်”ထဲမှာ သက်ဆိုင်ရာ အဖွဲ့အစည်းကို ပြိုကွဲချိနဲ့သွားစေဖို့နဲ့ တော်လှန်ရေးကို အရှိန်ကျဆင်းသွားစေဖို့ဆိုတဲ့ ရည်ရွယ်ချက်ပါရှိနေတယ် ဆိုတဲ့ အချက်တွေကို အားလုံးက သတိပြုဆင်ခြင်နိုင်ကြဖို့ပါ။
ဒါ့အပြင် ဒီနေ့ ဖြစ်ပွားနေတဲ့ နိုင်ငံတကာဖြစ်စဉ်ဖြစ်ရပ်တွေကို မျက်ခြည်မပြတ်ကြဖို့ ဒီနေ့ပေါ်ပေါက်ဖြစ်ပွား နေတဲ့ နိုင်ငံတကာဖြစ်စဉ်ဖြစ်ရပ်တွေကနေ ရိုက်ခတ်လာနေတဲ့ အကောင်း/အဆိုး စိန်ခေါ်မှုနဲ့ အခွင့်အလမ်းတွေကို အမြော်အမြင်ရှိရှိနဲ့ လက်တွေ့ကျကျ အသုံးချနိုင်ကြဖို့ တိုက်တွန်းချင်ပါတယ်။
လိုရင်းကတော့ မဆန်းသော မသစ်သော အခင်းအကျင်းမှာ အချင်းချင်း ချစ်ခင်စည်းလုံးကြဖို့နဲ့ “စစ်အုပ်စု၊ စစ်အာဏာရှင်စနစ်နဲ့ ၂၀၀၈ အခြေခံဥပဒေ အကုန်အစင် တိုက်ဖျက်ရေး” ဆိုတဲ့ ဦးတည်ချက်ကနေ လမ်းကြောင်းလွဲ ပြီး တိမ်းစောင်း သွေဖည်မသွားကြဖို့ပါပဲ။



















