Home သတင်း ဖားအံမှ နယ်ဝေးကုန်စည်စီးဆင်းမှု ပိတ်ပင်ခံရသဖြင့် အသေးစားလုပ်ငန်းရှင်များ အခက်ကြုံ

ဖားအံမှ နယ်ဝေးကုန်စည်စီးဆင်းမှု ပိတ်ပင်ခံရသဖြင့် အသေးစားလုပ်ငန်းရှင်များ အခက်ကြုံ

505

မတ် (၂၆) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ဖားအံမြို့မှတစ်ဆင့် ရန်ကုန်အပါအဝင် နယ်ဝေးမြို့များသို့ ကုန်စည်ပို့ဆောင်မှုပိတ်ပင်ခံရသဖြင့် ဒေသတွင်း အသေးစားလုပ်ငန်းလုပ်ကိုင်သူများ လုပ်ငန်းရပ်တည်ရန် ခက်ခဲသည့် အခြေအနေနှင့် ရင်ဆိုင်နေရသည်ဟု သိရသည်။

ပြီးခဲ့သည့် မတ်လ တတိယအပတ်မှစပြီး ဖားအံမြို့အထွက် စစ်ဆေးရေးဂိတ်များတွင် ကုန်စည်ပို့ဆောင်ရေး (Delivery services) လုပ်ငန်းများကို ပြည်နယ်စစ်အုပ်စုက ပိုမိုတင်းကြပ်ပိတ်ပင်လိုက်ခြင်းဖြစ်သည်။ အထူးသဖြင့် နယ်စပ်မှဝင်ရောက်လာသည့် ထိုင်းနိုင်ငံထုတ်ကုန်များကို တရားမဝင် သတ်မှတ်ကာ ဖမ်းဆီးအရေးယူမှုများ ရှိနေသည်ဟု ဒေသခံများက ပြောသည်။

“ဒီကရင်ပြည်နယ်ကနေ တခြားဘယ်မြို့ကိုမှ ပို့လို့မရဘူး။ တခြားမြို့ကို ပို့ဖို့ ပစ္စည်းတွေ ပို့မရတော့ ဖားအံထဲမှာပဲ အကုန်လုံးရောင်းချနေရတယ်။ အရှုံးခံပြီး ဒီတိုင်းရပ်ထားလို့မှ မရတာ။ တခြားအလုပ်ပြောင်းဖို့ကလည်း အခုချိန်မှာ ဘယ်လိုမှ အဆင်မပြေနိုင်ဘူး” ဟု အမည်မဖော်လိုသူ အသေးစားလုပ်ငန်းရှင်က ပြောသည်။

ယခင်က ဖားအံမြို့မှ အခြားမြို့များသို့ အဝတ်အထည်နှင့် စားသောက်ကုန်များကို အထုပ်ငယ်များခွဲ၍ ပေးပို့နိုင်သေးသည်။ ယခုမတ်လအတွင်းတွင် မြို့အထွက်စစ်ဆေးရေးဂိတ်များက အခွန်ဆောင်ထားသည့် ပြည်နယ်အဆင့်ထောက်ခံစာများ ပြသနိုင်မှသာ ပေးပို့ခွင့်ပြုနေပြီး ယင်းကြောင့် အမြန်ချောပို့လုပ်ငန်းများလည်း ပစ္စည်းလက်ခံမှု ရပ်ဆိုင်းထားရသည်အထိ ဖြစ်လာကြောင်း သိရသည်။

Photo: CJ

အွန်လိုင်းမှဈေးရောင်းနေသည့် ဖားအံမြို့သူတစ်ဦးက ” ရန်ကုန်ကနေ ဖားအံကို ကြိုက်သလောက်ပို့လို့ ရတယ်။ ဒါပေမယ့် ဖားအံကနေ ရန်ကုန်ကို ဘာမှပို့လို့မရဘူး။ စားသောက်ကုန်တောင်မှ မြန်မာစာတန်းပါမှ ရမယ်။ ယိုးဒယားစာပါတဲ့ထုတ်ကုန် ဘာမှမရဘူး။ အဓိက ပြည်ပထုတ်ကုန်ကို ကန့်သတ်လိုက်တာ” ဟု ကေအိုင်စီသို့ ပြောသည်။

ကရင်ပြည်နယ်အတွင်း မြို့နယ်အသီးသီးရှိ စစ်ဆေးရေးဂိတ်များတွင် ကန့်သတ်ချက် ပိုမိုတင်းကြပ်လာခြင်းနှင့်အတူ ထိုင်းကုန်စည်များအပေါ် တားမြစ်ချက်ကြောင့် အခြေခံစားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းဈေးနှုန်းများမှာ ယခင်ကထက် ထက်ဝက်နီးပါး မြင့်တက်လာနေကြောင်း ဒေသအရင်းအမြစ်များမှ သိရသည်။

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ဩဂုတ်လကလည်း ကုန်ပစ္စည်း (၃၅) မျိုး ယာယီတင်သွင်းခွင့်ကို စစ်အုပ်စုက ပိတ်ပင်ခဲ့သေးသည်။ ထို့အတူ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်တချို့တွင် အိမ်အရောက်ကုန်ပစ္စည်းပို့ဆောင်ရေး ဝန်ဆောင်မှု လုပ်ငန်းပိုင်းတွင်လည်း ကုန်ပစ္စည်းအမျိုးစား အလိုက် ပို့ဆောင်မှုကိုပါ ကန့်သတ်လျက်ရှိကြောင်း သိရသည်။