Home သတင်း ပိုင်ကျုံတွင် ကရင်လက်နက်ကိုင်အဖွဲ့ လုံခြုံရေးဖြင့် လောင်းကစားစည်ကားမှု ဒေသခံများဝေဖန်

ပိုင်ကျုံတွင် ကရင်လက်နက်ကိုင်အဖွဲ့ လုံခြုံရေးဖြင့် လောင်းကစားစည်ကားမှု ဒေသခံများဝေဖန်

430
Photo: CJ ( ပုံဟောင်း)

မတ်လ ၁၇ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ဖားအံခရိုင်၊ ပိုင်ကျုံမြို့နယ်ရှိ ကျေးရွာများတွင် ကရင်ငြိမ်းချမ်းရေးကောင်စီ (PC) ၊ ကရင်နယ်ခြား စောင့်တပ် (BGF) နှင့် ကရင်အမျိုးသားတပ်မတော်-KNA အဖွဲ့ဝင်များက လုံခြုံရေးယူပေးထားသည့် အာဝါဒေးလောင်းကစားဝိုင်းများ ပေါ်ပေါ်ထင်ထင်ပြုလုပ်ပြီး စည်ကားလျက်ရှိသည့်အပေါ် ဒေသခံများက ဝေဖန်ပြောဆိုနေသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဖားအံခရိုင် ပိုင်ကျုံ နယ်မြေ၌ စစ်အုပ်စုတပ်ဖွဲ့များဝင်ရောက်လာခြင်းကြောင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA နှင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး လတ်တလောအချိန်ထိလည်း စစ်ရေးတင်း မာမှုရှိနေသည်။

သို့ရာတွင် ငါးပစ်ဂိမ်း၊ အန်ဂလုံ လောင်းကစားပါဝင်သည့် အာဝါဒေးဝိုင်းများ စည်ကားနေမြဲဖြစ်သလို PC၊ BGF၊ KNA ဘက်တံဆိပ်တပ် လက်နက်ကိုင်များကလည်း လုံခြုံရေးဆက် လက်ယူပေးနေသည့်အပေါ် ပိုင်ကျုံမြို့နယ်နေ ဒေသခံအမျိုးသမီးတစ်ဦးက ယခုလိုပြောသည်။

“ကျမတို့နေတဲ့နေရာက ဒီလောက်တောင်အဆင်မပြေမှုတွေ ဖြစ်နေတာ။ သူတို့က ပြည်သူအတွက် ဘာဖြစ်မလဲ မစဉ်းစားဘူး။ ပြည်သူတွေ ဒုက္ခဖြစ်ရင်လည်းဖြစ်ပါစေ ဂရုမစိုက်ဘဲ သူတို့ပိုက်ဆံရဖို့၊ စီးပွားရေးလုပ်ဖို့ အဆင်ပြေရင်ရပြီ အဲဒီလိုလုပ်နေတာ” ဟု ၎င်းက ဝေဖန်ပြောဆိုသည်။

စစ်ရေးပဋိပက္ခမဖြစ်ခင်ကလည်း အာဝါဒေးလောင်းကစားဝိုင်းများကို ဆွဲဆောင်ရန် ဇာတ်ပွဲများနှင့် တွဲ၍ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ သို့သော် လူအလာနည်းခြင်းကြောင့် ယခုနောက်ပိုင်း ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲကို အကြောင်းပြကာ လုပ်ဆောင်လာပြန်ကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။

ထို့အပြင် အာဝါဒေးဝိုင်းများတွင် လူစည်ကားလာခြင်းနှင့်အတူ ဒေသတွင်း ခိုးဆိုးလုယက်မှုလည်း များလာသည်ဟု နောက်ထပ် ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

၎င်းအမျိုးသမီးက “စကစကလည်း စစ်တိုက်ပြီး ဒုက္ခပေးတယ်။ PC တို့ BGF တို့ဘက်မှာလည်း လောင်းကစားတွေလုပ်ပြီး ကျမတို့ကိုဒုက္ခတွေဖြစ်စေတယ်။ အခုဟာ လောင်းကစားလုပ်နေတော့ သူခိုးတို့ ဘာတို့ များလာပြီ” ဟု ကေအိုင်စီသို့ ပြောသည်။

၂၀၂၃ ခုနှစ်ကတည်းက ကေအဲန်ယူပါဝင်သော ကရင်လက်နက်ကိုင်လေးဖွဲ့ စည်းလုံးညီညွတ်ရေးကော်မတီက ဒေသတွင်း လောင်းကစားဝိုင်းများ ပြုလုပ်လျှင် ထိရောက်စွာအရေးယူမည်ဖြစ်ကြောင်း သဘောတူလက်မှတ်ရေးထိုးခဲ့ကြသည်။ သက်ဆိုင်ရာ မြို့နယ်အသီးသီးထံ တပ်ဆင့်ညွှန်ကြားမှုရှိခဲ့သော်လည်း အရေးယူမှုအားနည်းကြောင်း ဝေဖန်ထောက်ပြမှုများရှိသည်။

ကရင်ပြည်နယ်၊ ဖားအံမြို့ အနီးအနားရှိ ကျေးရွာများတွင်လည်း လက်နက်ကိုင်အဖွဲ့များကိုယ်တိုင် လုံခြုံရေးယူထားသည့် လောင်းကစားဝိုင်းများ ဆက်လက်စည်ကားနေသည်ဟု ဒေသခံသတင်းအရင်းအမြစ်တို့က ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလပိုင်းက စစ်ရေးပဋိပက္ခကြောင့် ပိုင်ကျုံမြို့နယ်အတွင်းရှိ ဒေသခံများ နီးစပ်ရာထွက်ပြေးစစ်ရှောင်ရသည့် အခြေအနေရှိခဲ့သည်။