Home သတင်း ကော့ကရိတ်မြောက်ပိုင်းတိုက်ပွဲတွင် ထိခိုက်မှုများ၍ ပေါင် ၅၀၀ ဗုံးများဖြင့် စစ်အုပ်စုလေကြောင်းပစ်ကူပေး

ကော့ကရိတ်မြောက်ပိုင်းတိုက်ပွဲတွင် ထိခိုက်မှုများ၍ ပေါင် ၅၀၀ ဗုံးများဖြင့် စစ်အုပ်စုလေကြောင်းပစ်ကူပေး

462
Photo: CJ

မတ် ၁၇ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြောက်ပိုင်း၊ ဒေါနတောင်လမ်းဟောင်း အောက်ဘိုတဲနေရာကို ထိုးစစ်ဆင် နေသည့် စစ်အုပ်စု အထိအခိုက်များနေ၍ မတ်လ (၁၃) ရက်မှ (၁၆) ရက်အထိ ပေါင် (၅၀၀) ဗုံးများဖြင့် လေကြောင်းပစ်ကူပေးနေကြောင်း မဟာမိတ်တပ်ဖွဲ့က ပြောသည်။

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ (၆)၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်၊ နောင်ကိုင်း၊ မိဖာလဲ၊ အောက်ဘိုတဲ၊ ကြက်မောက်ခြံနေရာများကို စစ်ကြောင်းဖြန့်တက်လာသည့် စစ်အုပ်စုအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA မဟာမိတ်တပ်များက ပြီးခဲ့သည့် ဇန်နဝါရီလကတည်းက ကြားဖြတ်ပိတ်ဆို့တိုက်ခိုက်နေခြင်းဖြစ်သည်။

“ရန်သူက ကြက်မောက်ခြံ၊ မိဖာလဲနဲ့ အောက်ဘိုတဲ ဘက်ကို လက်နက်ကြီးပစ်မနိုင်တော့ မြေပြင်က တက်တယ်၊ သူတို့လူတွေထိတာလည်းများတယ်၊ အလောင်းတောင် ပြန်မသယ်နိုင်ဘူး။ လေယာဉ်ဆို ဂျက်လာလိုက် Y12 လာလိုက်နဲ့ဗုံးကြဲနေတာ (၃) ရက်ရှိပြီ” ဟု KNLA မဟာမိတ် ၃၁ တပ်ဖွဲ့ဗျူဟာမှ တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

တော်လှန်ရေးအင်အားစုပြောပြချက်အရ တိုက်ပွဲအတွင်း စစ်အုပ်စုဘက်က သေဆုံးသူ (၁၀) ဦးထက် မနည်းရှိသလို လက်နက်ကြီးနှင့်လေကြောင်းတိုက်ခိုက်မှုကြောင့် မဟာမိတ်တပ်ဘက်က ထိခိုက်သေဆုံးမှုအချို့ရှိသည်ဟု သိရသည်။

အောက်ဘိုတဲလမ်းပိုင်းနေရာကို စစ်အုပ်စုထိုးစစ်ဆင်မှုသည် ကုန်သွယ်စီးပွားရေးအဓိကကျ ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီး ပြန်ဖွင့်နိုင်ရန် ရည်ရွယ်၍ဖြစ်သည်ဟု ကရင်စစ်ရေးသတင်းအရင်းအမြစ်များက ပြောဆိုကြသည်။

Photo: CJ

သို့သော် နယ်မြေအသာစီးမရသဖြင့် အောက်ဘိုတဲအပါအဝင် ဒေါနတောင် လမ်းဟောင်းတောင်ကြောတွင်ပါ ဗုံးကြဲတိုက်ခိုက်နေပြီး ကင်းထောက်ပျံသန်းမှု၊ စစ်အုပ်စုတပ်ကူအင်အားနှင့် လက်နက်ခဲယမ်းဖြည့်တင်းမှု နေ့စဉ်လုပ်ဆောင်နေသည်ဟု ကော့ကရိတ်မြောက်ပိုင်းရှိ တိုက်ပွဲဝင် KNLA တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

၎င်းက “စစ်ကူကတော့ ကျုံဒိုး၊ ကော့ကရိတ်၊ မြဝတီ ဘက်ကနေ နေ့တိုင်းအတက်အဆင်းရှိတယ်။ ကျုံဒိုးကနေ ဖားအံဘက်က လူနာသယ်၊ အလောင်းသယ်တာတွေ လုပ်တယ်။ ကျနော်တို့ဘက်ကလည်း နေ့တိုင်းတိုက်နေတာပဲ၊ အခုထိတော့ သူတို့တိုးမပေါက်သေးဘူး” ဟု ကေအိုင်စီသို့ ပြောသည်။

ကျုံဒိုးလမ်းပိုင်း၊ နဘူးလမ်းပိုင်းနှင့် ကော့ကရိတ်မြို့ပတ်ဝန်းကျင်တို့တွင်မူ စစ်အုပ်စုတပ်များ ပြန်လည်ထိန်းချုပ်ထားဆဲဖြစ်သည်။ မြပတိုင်၊ ကြောင်လျှာကုန်း ၊ ဆင်နှစ်ကောင်မုဒ်ဝ၊ နဘူး-ရင်ခွဲတောင်ကုန်း နေရာများတွင်လည်း စစ်အုပ်စုထိန်းချုပ်မှုရှိနေကြောင်း တော်လှန်ရေးအင်အားစုများထံမှ သိရသည်။

ထို့အတူ ကေအဲန်ယူ ကော့ကရိတ်နယ်မြေတစ်ခုလုံးရှိ မဟာမိတ်တပ်ထိန်းချုပ်ထားသည့် ကျေးရွာများဘက်ကို စစ်အုပ်စုက နေ့စဉ်ထိုးစစ်ဆင်နေသောကြောင့် ဒေသခံများ စစ်ဘေးဆက်လက်ရှောင်နေရပြီး နေအိမ်အများအပြားလည်း ဖောက်ထွင်းခံနေရသည်ဟု ဒေသခံစစ်ဘေးရှောင်များက ပြောသည်။