Home သတင်း ဒေသတွင်းဆီပြတ်လပ်သော်လည်း ပြည်နယ်အတွင်း လောင်းကစားနှင့် ပွဲလမ်းသဘင်များ စည်ကားဆဲ

ဒေသတွင်းဆီပြတ်လပ်သော်လည်း ပြည်နယ်အတွင်း လောင်းကစားနှင့် ပွဲလမ်းသဘင်များ စည်ကားဆဲ

265
Photo: CJ

မတ်လ ၁၅ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်အတွင်း လောင်စာဆီစျေးနှုန်းများ မြင့်တက်ပြီး ဝယ်ယူရခက်ခဲနေသော်လည်း ကျေးရွာအချို့တွင် အာဝါဒေး လောင်းကစားဝိုင်းများနှင့် ဘာသာရေးပွဲ လမ်းသဘင်များ၊ ပျော်ပွဲရွှင်ပွဲများကို လောင်စာဆီသုံး မီးစက်ကြီးများဖြင့် ညလုံးပေါက် မီးစက် ထွန်းပြီး စည်းကားသိုက်မြိုက်စွာ စည်းကာနေဆဲဖြစ်ကြောင်း ဒေသခံများက ပြောသည်။

လတ်တလော ပြည်နယ်ထဲရှိ မြို့ပေါ်ဆီဆိုင်ကြီးများတွင် ဆီကို အချိန်အကန့်အသတ်ဖြင့် တန်းစီ ဝယ်ယူနေရသလို ပြင်ပဆိုင်များမှာ စျေးကြီးပေးဝယ်နေရသော်လည်း မြို့အနီး ကျေးရွာများနှင့် လက်နက်ကိုင်များ ထိန်းချုပ်ထားသည့် ဒေသများတွင် လောင်းကစားဝိုင်းကို ပုံစံမျိုးစုံဖြင့် ပြုလုပ်နေကြသည်ဟု ဒေသခံများက ပြောသည်။

အထူးသဖြင့် အာဏာသိမ်းစစ်အုပ်စုနှင့် အပစ်ရပ်စဲထားသည့် ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) နှင့် ကရင်အမျိုးသားတပ်မတော် (KNA) တို့ ထိန်းချုပ်ရာဒေသများတွင် အာဝါဒေး လောင်းကစားဝိုင်းများကို ခေါင်းစဉ်အမျိုးမျိုးတပ်ပြီး လုပ်ဆောင်နေကြသည်ဟု လှိုင်းဘွဲမြို့နယ် ပိုင်ကျုံဒေသခံ စောဖောင်က ယခုလို ပြောသည်။

“ ပိုင်ကျုံဘက်မှာ အာဝါဒေးပွဲတွေ လုပ်လာတာ အရင်လိုပုံစံနဲ့ မတူတော့ဘူး။ အခုက လက်ဝှေ့ပွဲနဲ့ ပြန်လုပ် လာကြတယ်။ အရင်လို ဇာတ်ပွဲတွေနဲ့ မလုပ်တော့ဘူး။ လက်ဝှေ့ပွဲကို ဒီအတိုင်းလုပ်တာ မဟုတ်ဘူး။ ဘုရားထီးတင်တာ၊ ဘုန်းကြီးကျောင်းလှူတာတွေလုပ်ပြီး လက်ဝှေ့ပွဲတွေပါ ငှားလိုက် တယ်။ ရိုးရာစိန်ခေါ်ပွဲမျိုးပေါ့။ ဘာဖြစ်လဲဆိုတော့ အခုက လက်ဝှေ့ပွဲဆို ဇာတ်ပွဲနဲ့ အာဝါဒေးလုပ်တာထက် ပိုပြီး လူလာများတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ယခင်က အာဝါဒေးပွဲများကို ကျေးရွာထဲရှိ လက်နက်ကိုင်ခေါင်းဆောင်ဖြစ်သူများနှင့် ကျေးရွာအာဏာပိုင်များ ပေါင်းပြီး ဇာတ်ပွဲများကို ငှားရမ်းကာ လနှင့်ချီပြုလုပ်လေ့ရှိကြသော်လည်း ပွဲခင်းအတွင်း လာရောက်ကြည့်ရှုသူ နည်းပါးသည်ဟု စောဖောင်က ဖြည့်စွက်ပြောသည်။

Photo: CJ

လက်ရှိ ဖားအံမြို့အနီး ဝန်းကျင်များတွင်လည်း ရှင်ပြုရဟန်းခံပွဲများ၊ ဘုန်းကြီးပျံပွဲများ၊ ဘုရားထီးတင်ပွဲများ၊ ဘာသာရေးအဆောက်အအုံ ဆောက်လုပ်လှူဒါန်းပွဲများကို ဆက်တိုက် ပြုလုပ်နေကြသလို လူစည်ကားစေရန် လောင်းကစားဝိုင်းနှင့် လက်ဝှေ့ပွဲများကိုပါ ထည့်သွင်းကျင်းပကြသည်ဟု ဆိုသည်။

“ပွဲကို ဇာတ်ပွဲတွေ၊ လက်ဝှေ့ပွဲတွေ၊ အန်ကလုံဝိုင်းတွေနဲ့ မျိုးစုံရှိတယ်။ ၃ ည၊ ၄ ည အနည်းဆုံးပဲ။ ဓာတ်ဆီတွေက ဝယ်ရခက်၊ ရရင်လည်း တစ်လီတာကို တစ်သောင်းလောက် စျေးရှိတယ် ရွာဘက်က။ ပွဲခင်းတွေမှာတော့ မီးစက်တွေ၊ မီးစက်ကြီးတွေ သုံးတာပေါ့။ ဆီတွေကိုတော့ ဘယ်ကရလဲတော့ မသိဘူး” ဟု ဖားအံမြို့ခံဖြစ်သူ နန်းခင်ငြိမ်းချမ်းက ပြောသည်။

ထို့အပြင် လက်ရှိ ကရင်ပြည်နယ်တွင် လောင်စာဆီပြတ်လပ်ပြီး အကန့်အသတ်ဖြင့် ဝယ်ယူနေရသောကြောင့် ဒေသခရီးသွားလုပ်ငန်းအပေါ် မှီခိုနေရသည့် အငှားယာဉ်မောင်းသမားများကလည်း နေ့စဉ်ဘဝအတွက် အခက်အခဲ ကြုံလာကြရသည်ဟု သိရသည်။

အလားတူ လောင်စာဆီရှားပါးသလို လိုင်စင်မဲ့ယာဉ်များကိုပါ ပြည်နယ်အာဏာပိုင်များက ဖမ်းဆီးသိမ်းယူနေခြင်းများ လုပ်ဆောင်နေသောကြောင့် ကျေးလက်နေပြည်သူများအနေဖြင့် မြို့ပေါ်တက် ကုန်ရောင်းကုန်ဝယ်ရေးအတွက် မလုပ်ဆောင်နိုင်ကြတော့သည့်အတွက် ကုန်စျေးနှုန်းမြင့်တက်သည့် အခြေအနေများကိုလည်း ကြုံတွေ့နေရကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။