Home သတင်း ပလောတပို့စခန်းတဝိုက် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုများကြောင့် စစ်ရှောင် လေးထောင်ကျော် စခန်းမပြန်ရဲ

ပလောတပို့စခန်းတဝိုက် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုများကြောင့် စစ်ရှောင် လေးထောင်ကျော် စခန်းမပြန်ရဲ

295
Photo crd- Thai Media

မတ် ၁၅ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ထိုင်း-ကရင်နယ်စပ်၊ ဖလူးဒေသ၊ ပလောတပို့စစ်ဘေးရှောင်စခန်းတဝိုက် ယနေ့ နံနက်ပိုင်းအထိ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုရှိခြင်းကြောင့် စခန်းတွင်းခိုလှုံနေသူ စစ်ရှောင် (၄,၀၀၀) ကျော် သောင်ရင်းမြစ်ကမ်းနားနှင့် ထိုင်းနိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးစစ်ရှောင်နေရပြီး စခန်းပြန်မနေရဲကြသေးကြောင်း နယ်စပ်သတင်းအရင်းအမြစ်များမှ သိရသည်။

ကျေးရွာ (၁၃) ရွာမှ စစ်ဘေးရှောင် (၄,၂၃၆) ဦး ခိုလှုံနေထိုင်သည့် ပလောတပို့ (အမိုးပြာ) စစ်ရှောင်စခန်း၊ ဆေးပေးခန်းအတွင်း ယမန်နေ့ မတ်လ (၁၄) ရက်နေ့ နံနက်ပိုင်းက အသေခံဒရုန်းနှစ်စင်း တိုက်ခိုက်ခံရပြီး အမျိုးသား (၁) ဦး သေဆုံးကာ (၁) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနောက် စစ်ဘေးရှောင်များ စခန်းစွန့်ခွာထွက်ပြေးကြရခြင်းဖြစ်သည်။

“စစ်ရှောင်တချို့ကလည်း ထိုင်းဘက်တက်ပြေးကြတယ်၊ တချို့ကတော့ မြစ်ဘေးကမ်းစပ်တွေမှာ ဆင်းနေကြတယ်။ စခန်းထဲလူမနေရဲတော့ဘူး။ မနေ့က မယ့်ကိုကင်းဘက်သွားတဲ့သူတွေကိုလည်း ထိုင်းစစ်တပ်က စောင့်ရှောက်ပေးတယ်” ဟု ပလောတပို့စခန်းတာဝန်ရှိသူတစ်ဦးက ပြောသည်။

ယနေ့နံနက်ပိုင်းအထိ စခန်းနားတဝိုက် လက်နက်ကြီးရန်ကြောင့် ထိုင်းဘက်တွင် လူဦးရေ (၁၀၀) ဝန်းကျင် စစ်ရှောင်နေကြရဆဲဖြစ်သည်။ မြန်မာဘက်ကမ်း သောင်ရင်းမြစ်တစ်ကြောတွင်လည်း စစ်ဘေးရှောင် (၄,၀၀၀) ဝန်းကျင်ရှိနေပြီး ၎င်းတို့အတွက် အမိုးအကာနှင့် စားနပ်ရိက္ခာအကူအညီများ လိုအပ်နေကြောင်း လေးကေကော်လူငယ်ကွန်ရက်အဖွဲ့မှ သိရသည်။

Photo crd- Thai Media

ကွန်ရက်အဖွဲ့ဝင်တစ်ဦးက “စစ်တိုက်နေတဲ့ နေရာမဟုတ်ဘူး၊ အရပ်သားစစ်ရှောင်စခန်းဆိုတာ သိသိကြီးနဲ့ပစ်ခံရတာ။ အခု ကလေးတွေတင် တစ်ထောင်ဝန်းကျင်ရှိတယ်။ သောက်ရေ၊ အသင့်စားမုန့်ထုပ်၊ ပေါင်မုန့်၊ ကိတ်မုန့်ထုပ်တွေ၊ နေရာထိုင်ခင်းလုပ်တဲ့ဟာတွေ အရေးပေါ်အခြေအနေလိုနေတယ်။” ဟု ၎င်းက ပြောသည်။

ယမန်နေ့က ထိုင်းနိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးစစ်ရှောင်လာသူများအား ထိုင်းအာဏာပိုင်များက လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးခဲ့ပြီး မြန်မာဘက်ခြမ်းက အခြေအနေကို အနီးကပ် စောင့်ကြည့်နေကြကြောင်း နယ်စပ်အခြေစိုက် ထိုင်းသတင်းမီဒီယာများက ဖော်ပြခဲ့သည်။

ကရင်ပြည်နယ်၊ မြဝတီတောင်ပိုင်းတွင် စစ်အုပ်စုနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် – KNLA မဟာမိတ်တပ် နှစ်ဖက်တိုက်ပွဲအတွင်း စစ်အုပ်စုက ဖလူး၊ မင်းလက်ပံကျေးရွာများသို့ လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုများ တောက်လျှောက်လုပ်ဆောင်လာခဲ့ပြီး ယခုတစ်ခေါက်တွင် စစ်ဘေးရှောင်စခန်းအထိ လုံခြုံရေးထိပါးလာခြင်းဖြစ်သည်။

ထို့အတူ လက်ရှိအချိန်ထိ မြေပြင်တွင်လည်း စစ်အုပ်စုစစ်ကြောင်းနှင့် KNLA မဟာမိတ်တပ်တို့ ဖလူးဘုရားကုန်းအနီး နှစ်ဖက်တိုက်ပွဲပြင်းထန်လျက်ရှိသည်ဟု ကရင်စစ်ရေးသတင်းအရင်းအမြစ်တို့က ဆိုသည်။