မတ်လ ၆ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ မြန်မာ-ထိုင်းနယ်စပ်ကို ဖြတ်ကူးပြီး ထိုင်းနိုင်ငံအတွင်း တရားမဝင် ရောက်ရှိလာသော မြန်မာနိုင်ငံသား (၂၁) ဦးကို မဲဆောက်မြို့နယ်၊ မယ်ကုလွန်ရွာအနီးတွင် ပြီးခဲ့သည့် မတ်လ (၄) ရက်နေ့က ဖမ်းဆီးမိခဲ့ကြောင်း ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာန သတင်းများအရ သိရသည်။
မတ်လ (၄) ရက်နေ့ ည (၈) နာရီ (၃၀) မိနစ်အချိန်က သောင်ရင်းမြစ်ကမ်းကူးပြီး မော်တော်ယာဉ်ဖြင့်တစ်ဆင့် တရားမဝင် ရောက်လာသူ ယာဉ်မောင်းအပါအဝင် အမျိုးသား (၁၆) ဦးနှင့် အမျိုးသမီး (၅) ဦးတို့အား မယ်ကု/မယ်တောင်ရွာ ငှက်ပျောခြံလမ်းပိုင်းတွင် ထိုင်းအာဏာပိုင်များက ဖမ်းဆီးမိခဲ့ခြင်းဖြစ်သည်ဟု မဲဆောက်လူဝင်မှုကြီးကြပ်ရေးဘက်က ဆိုသည်။
“တောမောင်းတွေ နယ်စပ်ပတ်နေတဲ့အချိန် မြဝတီ မယ်ထော်သလေးဘက်ကနေ ကမ်းကူး လာတဲ့အဖွဲ့တွေပေါ့နော်။ လူသယ်ပို့ပေးမယ့်ကားရော၊ ကားသမားရော မယ်တောင်လမ်းမ မရောက်ခင် ငှက်ပျောခြံလမ်းမှာ ဖမ်းခံရတာ” ဟု မဲဆောက်အာဏာပိုင်များနှင့် နီးစပ်သည့် စကားပြန်တစ်ဦးက ပြောသည်။
တာ့ခ်ခရိုင်၊ မဲဆောက်မြို့ တောမောင်းအဖွဲ့အပါအဝင် နယ်စပ်ကာကွယ်ရေးတပ်ဖွဲ့၊ မယ်ကုကျေး ရွာအုပ်ချုပ်ရေးတပ်ဖွဲ့၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့၊ အမှတ် (၃၄၆) သတင်းတပ်ဖွဲ့နှင့် မဲဆောက်မြို့နယ် အုပ်ချုပ်ရေးဌာန (အမ်ဖိုးရုံး) အဖွဲ့များ ပါဝင်သည့် အာဏာပိုင်အဖွဲ့စုံ ပူးပေါင်းပြီး ဖမ်းဆီးမှု လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းလည်း အာဏာပိုင်နီးစပ်ရာ သတင်းအရင်းအမြစ်မှ သိရသည်။

ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသားများအား တရားဝင်ခွင့်ပြုချက်မရှိဘဲ ထိုင်းနိုင်ငံအတွင်း ဝင်ရောက် နေထိုင်မှုဖြင့် တာဝန်ရှိသူများက ထိုင်းနိုင်ငံဥပဒေ အပိုဒ် (၂၂)၊ ရဲတပ်ဖွဲ့၏ လုပ်ထုံးလုပ်နည်းများအတိုင်း တရားစွဲဆိုနိုင်ရန် စီစဉ်နေသလို မဲဆောက်ရဲစခန်းသို့ လွှဲပြောင်းထိန်းသိမ်းထားသည်ဟုလည်း ဆိုသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၄) ရက်နေ့ကလည်း မယ်ကုရွာနှင့် မယ်တောင်-မဲဆောက်လမ်းပိုင်းတွင် အထောက်အထားမရှိဘဲ နယ်စပ်ဖြတ်ကျော်လာသူ မြန်မာနိုင်ငံသား (၇) ဦးကို မဲဆောက်အာဏာပိုင်အဖွဲ့ဘက်က ဖမ်းဆီးမိခဲ့သေးသည်။
ထို့အတူ နယ်စပ်ဖြတ်ကျော် တရားမဝင် ဝင်ရောက်မှုနှင့် ပတ်သက်၍ မဲဆောက်လူဝင် မှုကြီးကြပ်ရေးဌာနက ထုတ်ပြန်သည့် သတင်းများအရ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၁) ရက်မှ (၂၇) ရက်အတွင်း မြဝတီမြို့ဘက်မှ သောင်ရင်းမြစ်ကမ်းကူးပြီး ထိုင်းသို့ ဝင်လာသည့် အွန်လိုင်းငွေလိမ်လုပ်ငန်းအလုပ်သမား နိုင်ငံခြားသား (၅၀) ကျော်ရှိနေသည်။ ၎င်းတို့အား မယ်ကု၊ ကော့မနောင်း၊ မယ့်ကိုကင်း၊ ဝမ်ဖာ ကျေးရွာများဘက်တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး အလားတူဖြစ်စဉ် (၁၀) ကြိမ်ထက်မနည်း ရှိပြီဖြစ်ကြောင်း သိရသည်။



















