မတ်လ ၆ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) အပါအဝင် ထိုင်း-မြန်မာ နယ်စပ်ဖြတ်ကျော် ရာဇဝတ်လုပ် ငန်းများကို တိုက်ဖျက်ချေမှုန်းရေးတွင် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးနှင့် လက်တွဲပူးပေါင်းလုပ်ဆောင်ရန် အမေရိကန်စုံစမ်းစစ်ဆေးရေးဗျူရို (FBI) နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများကို ကရင်အရပ်ဘက်အဖွဲ့များက တိုက်တွန်းပြောဆိုသည်။
ပြီးခဲ့သည့် မတ်လ (၃) ရက်နေ့က အရှေ့တောင်အာရှရှိ အွန်လိုင်းရာဇဝတ်လိမ်လည်လုပ်ငန်းများကို အမြစ်ပြတ်ချေမှုန်းရန် ထိုင်းနိုင်ငံ၊ ဘန်ကောက်အခြေစိုက် FBI နှင့် ထိုင်းတော်ဝင်ရဲတပ်ဖွဲ့တို့သည် ဒေသဆိုင်ရာ မဟာမိတ်များနှင့် ပူးပေါင်းလုပ်ဆောင်လျက်ရှိကြောင်း FBI က ကြေညာခဲ့သည်။
ထိုင်း-မြန်မာနယ်စပ်ရှိ ကျားဖြန့်လုပ်ငန်းများကို တိုက်ဖျက်ရာတွင် နိုင်ငံတကာအနေဖြင့် ကေအဲန်ယူကို တန်းတူထား၍ လက်တွဲပူးပေါင်းလုပ်ဆောင်သင့်ကြောင်း ကရင်အရပ်ဘက်အဖွဲ့များက တိုက်တွန်းသည်။
“ဒီလုပ်ငန်းက နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုဖြစ်ပြီး ကေအဲန်ယူအနေနဲ့ နိုင်ငံတကာအကူအညီ လိုအပ်တယ်။ အခုက FBI နဲ့ ထိုင်း ပူးပေါင်းကြတယ်၊ ဒါပေမဲ့ ကေအဲန်ယူနဲ့ ပူးပေါင်းတယ် ဆိုတာမျိုးမပါဘူး။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကိုလည်း နိုင်ငံတကာအနေနဲ့ အသိအမှတ်ပြု၊ တန်းတူဆက်ဆံပြီး ပူးပေါင်းဖို့လိုတယ်။” ဟု ကော်သူးလေအမျိုးသမီးများကွန်ရက် (KWN) မှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
လူထုအခြေပြု ကရင်အရပ်ဘက်အဖွဲ့များအနေဖြင့် ကရင်ပြည် (ကော်သူးလေ) နယ်စပ်ဒေသတွင် အွန်လိုင်းငွေလိမ်လုပ်ငန်းများ အကြီးအကျယ်လုပ်ကိုင်နေမှုအပေါ် ကရင်လူမျိုးသိက္ခာကျဆင်းစေသဖြင့် ကျားဖြန့်ချေမှုန်းရေး အကောင်အထည်ဖော်ရန် ကေအဲန်ယူသို့ တောက်လျှောက်တောင်းဆိုမှုများ ပြုလုပ်လာခဲ့သည်ဟု ဆိုသည်။
“ကော်သူးလေတစ်ခုလုံးမှာ တရားမဝင်တဲ့ စီးပွားရေးတွေကို မြန်မြန်လေး အရေးယူဖို့ ကျမတို့တွေ ကေအဲန်ယူကို စာတင်ကြတာရှိတယ်။ အကယ်၍ ကေအဲန်ယူနဲ့ပေါင်းပြီးတော့ ထိုင်းပဲဖြစ်ဖြစ်၊ အခြားနိုင်ငံတကာကပါ ဒီလိုအော်ပရေးရှင်းတွေ မြန်မြန်ဆင်းလေ ကောင်းလေပဲ” ဟု ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက် (KPSN) တာဝန်ရှိသူ နော်ချယ်ရီက ပြောသည်။
ထို့အတူ ကရင့်သိက္ခာနှင့် လူနေမှုဘဝကို ထိပါးနှောင့်ယှက်လာသည့် ကျားဖြန့်ရာဇဝတ်လုပ်ငန်းများ ချုပ်ငြိမ်းရေးနှင့် ပတ်သက်ပြီး ကရင်လူထုနှင့် နယ်မြေအတွင်း မှီတင်းနေထိုင်ကြသည့် ပြည်သူများလည်း လက်တွဲပူးပေါင်းရန်လိုကြောင်း ကရင်အရပ်ဘက်အဖွဲ့များက တိုက်တွန်းနှိုးဆော်ထားသည်။
KWN ပြောရေးဆိုခွင့်ရှိသူက “ဒီကျားဖြန့်လုပ်ငန်းတွေ ရှိနေသရွေ့ အမျိုးသမီးဘဝတွေလည်း လုံခြုံမှု နည်းတယ်။ ကရင်တစ်မျိုးသားလုံးရဲ့ ဂုဏ်သိက္ခာကိုလည်း ထိခိုက်တယ်။ နယ်စပ်ဖြတ် ကျော်ရာဇဝတ်မှုမှာ ပါဝင်ပတ်သက်တာမျိုးမရှိအောင် ကြီးကြီးငယ်ငယ် ဘယ်ကဏ္ဍမှာပဲလုပ်လုပ် ပူးပေါင်းတိုက်ဖျက်ဖို့ အတူတကွ လက်တွဲဖို့လိုတယ်” ဟု ဖြည့်စွက်ပြောသည်။

ဒေသအာဏာပိုင်အဖွဲ့အစည်း ကေအဲန်ယူအနေဖြင့်မူ ပြီးခဲ့သည့်နှစ်ကုန်ပိုင်းက မြဝတီတောင်ပိုင်းရှိ ကျားဖြန့်အရေးကို ကိုင်တွယ်ဖြေရှင်းမှုရှိခဲ့သလို အမြစ်ပြတ်သည်အထိ လုပ်ဆောင်ရန် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရားဝင်ဖိတ်ခေါ်မှု ရှိခဲ့သည်။
မင်းလက်ပံရှိ ကျားဖြန့်ခြံဝင်းကိစ္စ စစ်ဆေးဆောင်ရွက်ရန် ကေအဲန်ယူက အဖွဲ့ဖွဲ့၍ ကျားဖြန့် အလုပ်သမား၊ နိုင်ငံခြားသား နေရပ်ပြန်ပို့ရေးနှင့် သက်သေခံပစ္စည်း ထိန်းသိမ်းရေးအထိ လုပ်ဆောင်ခဲ့ပြီးဖြစ်သော်လည်း နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် ကေအဲန်ယူနှင့် ချိတ်ဆက်ပူးပေါင်းဆောင်ရွက်မှု ယနေ့အထိ မရှိသေးပေ။
ယခုတစ်ခေါက် FBI နှင့် ထိုင်းတော်ဝင်ရဲတပ်ဖွဲ့တို့ ကျားဖြန့်ချေမှုန်းရေး ပူးပေါင်းကြရာတွင်လည်း ကေအဲန်ယူပြောခွင့်ရပုဂ္ဂိုလ် ပဒိုစောတောနီးက “သူတို့နည်းသူတို့ဟန်နဲ့ လုပ်နေကြတာပါနော်။ ကျနော်တို့ ဘာမှမသိရပါဘူး။” ဟု ကေအိုင်စီသို့ ပြောသည်။
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်ကတည်းက FBI သည် မြန်မာအပါအဝင် အရှေ့တောင်အာရှရှိ ကျားဖြန့်လုပ်ငန်းများနှင့် ခေါင်းဆောင်များကို စစ်ဆေးအရေးယူနိုင်ရေး သက်ဆိုင်ရာအဖွဲ့များနှင့် ပူးပေါင်းပြီး အထူးတပ်ဖွဲ့ (Scam Center Strike Force) ကို ဖွဲ့စည်းလုပ်ဆောင်နေကြောင်း အမေရိကန်၏ နိုင်ငံခြားပိုင်ဆိုင်မှုထိန်းချုပ်ရေးရုံး (OFAC) က ထုတ်ပြန်ပြီးဖြစ်သည်။
ထို့နောက်ပိုင်းတွင် FBI အဖွဲ့များသည် ထိုင်းနိုင်ငံ ဘန်ကောက်သို့ ရောက်ရှိလာကြောင်း ထိုင်းမီဒီ ယာများမှ ဖော်ပြခဲ့သလို မတ်လ (၃) ရက်နေ့က ကြေညာချက်တွင်လည်း ထိုင်း-မြန်မာနယ်စပ်ရှိ ကျားဖြန့်လုပ်ငန်း အဆောက်အအုံများကို တစ်ဖက်ကမ်းမှ ကြည့်ရှုခဲ့သည့်ပုံနှင့်တကွ FBI က ထည့်သွင်းဖော်ပြလာသည်။
နိုင်ငံဖြတ်ကျော် ရာဇဝတ်လုပ်ငန်းများ တည်ရှိရာ မြဝတီမြို့နယ် ထိုင်း-မြန်မာနယ်စပ်ဒေသတွင် စစ်အုပ်စုအပြင် အခြားကရင်လက်နက်ကိုင်များ၏ မဟာမိတ်ဆက်ဆံရေးနှင့် အုပ်ချုပ်ရေး၊ စစ်ရေးရှုပ်ထွေးနေသည့် နယ်မြေလည်းဖြစ်သည်။
ထို့အတူ အမေရိကန်နှင့် ဥရောပသမဂ္ဂတို့မှ အွန်လိုင်းငွေလိမ်လုပ်ငန်းများတွင် ပါဝင်ပတ်သက်မှုဖြင့် ယခင်က ကရင်လက်နက်ကိုင်အဖွဲ့ နယ်ခြားစောင့်တပ် (BGF) နှင့် ဒီမိုကရေစီ အကျိုးပြုကရင့်တပ်မတော် (DKBA) ထိပ်ပိုင်းခေါင်းဆောင်များကို အရေးယူမှု ရှိခဲ့သည်။
တစ်ဖက်တွင် စစ်အုပ်စုကမူ ကျားဖြန့်ကိစ္စတွင် ပါဝင်ခြင်းမရှိဟု တုံ့ပြန်ငြင်းဆိုနေသလို နယ်စပ်ရှိ ကျားဖြန့်အဆောက်အအုံများကို ဖောက်ခွဲစီးနင်းပြခြင်း၊ ကျားဖြန့်လုပ်သားများကို ဖမ်းဆီးနေရပ်ပြန်ပို့ ပေးခြင်းတို့ လုပ်ဆောင်နေသော်လည်း လေ့လာစောင့်ကြည့်သူများကမူ ဟန်ပြလုပ်ရပ်ဟု ဆိုကြသည်။



















