Home သတင်း ထိုင်း-မြန်မာနယ်စပ် ကျေးရွာများတွင် စက်သုံးဆီပြတ်လပ်ပြီး ဈေးနှုန်း နှစ်ဆနီးပါး မြင့်တက်လာ

ထိုင်း-မြန်မာနယ်စပ် ကျေးရွာများတွင် စက်သုံးဆီပြတ်လပ်ပြီး ဈေးနှုန်း နှစ်ဆနီးပါး မြင့်တက်လာ

319

မတ်လ ၇ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ်ရှိ ထိုင်းဘက်ခြမ်းကျေးရွာများတွင် စက်သုံးဆီပြတ်လပ်မှုနှင့်အတူ ဈေးနှုန်းများ နှစ်ဆနီးပါး မြင့်တက်လာခြင်းကြောင့် ဒေသတွင်း သယ်ယူပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်သူများ အခက်တွေ့နေကြောင်း ဒေသခံများက ပြောသည်။

အထူးသဖြင့် ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ ထာ့ဆောင်ယန်းမြို့နယ်အတွင်းရှိ နယ်စပ်ကျေးရွာများတွင် စက်သုံးဆီ ဝယ်ယူရန် ခက်ခဲလာပြီး ဆီဈေးနှုန်း အဆမတန် မြင့်တက်လာခြင်းကြောင့် စက်လှေ မောင်းသူများနှင့် ဆိုင်ကယ်တက္ကစီသမားများအနေဖြင့် အခက်အခဲ ပိုမိုကြုံတွေ့နေရသည်ဟု စက်လှေမောင်းသူတစ်ဦးက ပြောသည်။

သောင်ရင်းမြစ်ကို ဖြတ်ကျော်၍ အခကြေးငွေယူကာ စက်လှေဖြင့် ကမ်းကူးပေးနေသူ စောဖားရွှေက “အခု ဆီတွေ ဝယ်မရတော့ဘူး။ ဟိုတစ်ရက်က သွားတန်းစီဝယ်တာ ၃ လီတာပဲ ရလာတယ်။ တစ်ဗူးကို ၅၀ (ဘတ်) နဲ့။ အခုက တစ်လီတာကို ၆၀ နဲ့ သူများဆီကနေ မျှဝယ်နေရတယ်။ ဆီဈေးတွေလည်းတက်၊ ဝယ်လည်းမရတော့ စက်လှေ ဘယ်လိုမောင်းစားရမလဲ မသိတော့ဘူး။ လှေခပါ တိုးတောင်းရမလို ဖြစ်နေပြီ” ဟု ကေအိုင်စီသို့ ပြောသည်။

ယခင်က စက်သုံးဆီဈေးနှုန်းမှာ ယခုထက် သက်သာခဲ့သော်လည်း လက်ရှိတွင် ဆီဆိုင်အချို့၌ ပြတ်လပ်နေသဖြင့် တစ်ဆင့်ပြန်လည်ရောင်းချသူများထံမှ မြင့်မားသောဈေးနှုန်းဖြင့် ဝယ်ယူနေရခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

“ဆီပြဿနာက ရွာဘက်မှာလည်း တော်တော်ဆိုးဖြစ်နေတာ။ လိုက်ရှာဝယ်တာ ရှိကိုမရှိတော့ဘူး။ ရတဲ့ဆိုင်ကလည်း တစ်လီတာကို တစ်ဗူး ၂၀၀ ဘတ်နဲ့ ရောင်းတာတောင်မလောက်ဘူး” ဟု နယ်စပ်ကျေးရွာနေ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

အဆိုပါ ဆီဈေးနှုန်းမြင့်မားလာမှုကြောင့် နယ်စပ်တစ်လျှောက် ပြေးဆွဲနေသည့် ကူးတို့စက် လှေခများနှင့် သယ်ယူပို့ဆောင်ရေးစရိတ်များ တိုးမြှင့်လာနိုင်သည့်အတွက် ဒေသခံများ၏ သွားလာ ရေးနှင့် ကုန်စည်စီးဆင်းမှုအပေါ် ရိုက်ခတ်မှုရှိလာမည်ကို ဒေသခံလူထုများကြား စိုးရိမ်မှု မြင့်တက်လျက်ရှိသည်။

ယနေ့အချိန်ထိ အရှေ့အလယ်ပိုင်းတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသလို ကမ္ဘာ့ရေနံ တင်သင်္ဘောများ အဓိက ဖြတ်သန်းရာ ဟော်မုဇ်ရေလက်ကြားကို အီရန်က ဖြတ်သန်းခွင့် ပိတ်ပင်ထားသောကြောင့် လောင်စာဆီ ပြတ်လပ်မည့် စိုးရိမ်မှုများလည်း ကမ္ဘာတစ်ဝှမ်း ဖြစ်ပေါ်လျက်ရှိနေသည်။

ထိုင်းနိုင်ငံ၏ စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် လောင်စာဆီပြတ်လပ်မှုကို ကြိုတင်ကာကွယ်ရန် အစီအစဉ်များကို ချမှတ်အမိန့်ထုတ်ပြန်ထားပြီး ရက်ပေါင်း ၆၀ စာ လောင်စာဆီ အလုံအလောက် ရှိသေးကြောင်း ထုတ်ပြန်ပြောဆိုထားသည်။

ထို့အပြင် လောင်စာဆီဈေးနှုန်းများကို ထိန်းချုပ်ထားနိုင်ရန်အတွက် စွမ်းအင်ရန်ပုံငွေကို အသုံးပြု စိုက်ထုတ်ပေးထားမည်ဖြစ်သလို ကမ္ဘာ့ရေနံဈေးနှုန်း ရုတ်တရက်ထိုးတက်သွားပါက ပြည်တွင်း ဆီဆိုင်များတွင် ဈေးနှုန်းအဆမတန် တက်မလာစေရန်အတွက် ရန်ပုံငွေကို ပိုမိုထုတ်ပေးသွားရန် ပြင်ဆင်ထားမည်ဟု ပြောဆိုထားသော်လည်း ဆီဈေးနှုန်းများ ဆက်လက်မြင့်တက်နေဆဲ ဖြစ်သည်။