Home သတင်း စစ်အုပ်စု၏ လက်နက်ကြီးနှင့် ဒရုန်းကြောင့် ကျောက်ကြီး ဒေသခံ ၂ ဦး ဒဏ်ရာရ

စစ်အုပ်စု၏ လက်နက်ကြီးနှင့် ဒရုန်းကြောင့် ကျောက်ကြီး ဒေသခံ ၂ ဦး ဒဏ်ရာရ

317
Photo: KNU

မတ်လ ၄ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၃)နယ်မြေ/ ညောင်လေးပင်ခရိုင်၊ လယ်ဒို (ကျောက်ကြီး) မြို့နယ်အတွင်း စစ်အုပ်စုတပ်မှ လက်နက်ကြီးနှင့် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက် မှုကြောင့် အရပ်သားပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ခရိုင်တာဝန်ရှိသူထံမှ သိရသည်။

ပြီးခဲ့သည့် မတ်လ (၂) ရက်နေ့တွင် ကျောက်ကြီးမြို့နယ်အတွင်းရှိ အရပ်သားပြည်သူများ နေထိုင်ရာ ကျေးရွာများသို့ လက်နက်ကြီးနှင့် ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် ကညင်ကျွန်းကျေးရွာအတွင်းသို့ (၁၂၀) မမ လက်နက်ကြီး (၆) လုံး၊ ကျွန်းကြီးကျေးရွာအတွင်းသို့ ဒရုန်းဗုံး (၂) လုံး ကျရောက်ပေါက်ကွဲခဲ့သည်။

ထိုသို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ကညင်ကျွန်းကျေးရွာနေ စောအယ်တော်စေး အသက် (၂၇) နှစ် နှင့် ကျွန်းကြီးကျေးရွာနေ စောအယ်ကော်စေး အသက် (၂၈) နှစ် တို့သည် လက်နက်ကြီးစ ထိမှန်ဒဏ်ရာများ ရရှိခဲ့ကြသည်။

ထို့အပြင် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင်လည်း လယ်ဒိုနှင့် မူးမြို့နယ်အတွင်းရှိ စစ်အုပ်စု တပ်က အရပ်သားပြည်သူများအား အဓိကပစ်မှတ်ထား၍ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများအပြင် လက်နက်ကြီးပစ်ခတ်မှုများကြောင့် ကျေးရွာနေ ဒေသခံ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ညောင်လေးပင်ခရိုင်က ထုတ်ပြန်ထားသည်။

စစ်အုပ်စု၏ တပ်စခန်းများမှ ကျေးရွာအတွင်းသို့ လက်နက်ကြီးအပြင် ဒရုန်းဖြင့် တိုက်ခိုက် မှုများကြောင့် အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုအပြင် ဒေသခံပိုင် လူနေအိမ် (၇) လုံးလည်း ထိမှန်ပျက်စီးသွားကြောင်း ခရိုင်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၎င်းအပြင် ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်၊ မုန်းမြို့နယ်နှင့် ဆောထိမြို့နယ်အတွင်းရှိ ကျေးရွာများသို့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်အုပ်စုက ရည်ရွယ်ချက်ရှိရှိ အရပ်သားပြည် သူများအား အဓိကပစ်မှတ်ထား၍ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများ နေ့စဉ်နှင့်အမျှ လုပ်ဆောင်လျက်ရှိနေသည်ဟု KNU က ပြောသည်။

ကေအဲန်ယူ တပ်မဟာ (၃) နယ်မြေရှိ ညောင်လေးပင်ခရိုင်အတွင်း စစ်အုပ်စု၏ အခြေစိုက် စခန်းများမှ ယခုလို ကျေးရွာအတွင်း လက်နက်ကြီး၊ ဒရုန်းနှင့် လေကြောင်းဖြင့် မကြာခဏ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ဒေသခံများသည် လက်ရှိအချိန်ထိ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။