Home သတင်း ပိုင်ကျုံ၊ တောင်လုံးကျော်တိုက်ပွဲအပြီး စစ်အုပ်စုတပ်ဖွဲ့များ တငေါရွာအနီးထိ တပ်ပြန်ဆုတ်အထိုင်ချနေ

ပိုင်ကျုံ၊ တောင်လုံးကျော်တိုက်ပွဲအပြီး စစ်အုပ်စုတပ်ဖွဲ့များ တငေါရွာအနီးထိ တပ်ပြန်ဆုတ်အထိုင်ချနေ

633
Photo: CJ

မတ် ၂၀ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ၊ ဖားအံခရိုင်၊ တပ်မဟာ(၇)နယ်မြေ တောင်လုံးကျော်နေရာတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီက စစ်အုပ်စုနှင့် KNLA ပူးပေါင်းတပ်များ တိုက်ပွဲအပြီး နောက်ပြန်ဆုတ်သွားသည့် စစ်အုပ်စုတပ်ဖွဲ့သည် ပိုင်ကျုံမြို့အနီး တငေါကျေးရွာဝန်းကျင်တွင် ယနေ့အချိန်ထိ တပ်အထိုင်ချထားကြောင်း KNLA သတင်းအရင်းအမြစ်က ပြောသည်။

နယ်စပ်စခန်းရှိရာသို့ ဦးတည်စစ်ကြောင်းထိုးခဲ့သည့် စစ်အုပ်စုတပ်ဖွဲ့များကို ဖေဖော်ဝါရီ (၂၃) ရက်နေ့က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်ခြင်းကြောင့် အထိနာ၍ နောက်ပြန်ဆုတ်သွားခဲ့သည်။ ၎င်းစစ်ကြောင်းသည် ယနေ့ထက်ထိ တငေါရွာအနီး ရာဘာ စိုက်ပျိုးခြံအတွင်း တပ်စွဲနေပြီး ရှေ့မတိုးနောက်မဆုတ်လုပ်နေသည်ဟု အမည်မဖော်လိုသူ KNLA တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

“တငေါပြီးတာနဲ့ တောင်တစ်လုံးရှိတယ်လေ၊ အဲ့ဒီတောင်ဟိုဘက်အခြမ်းဆို သူတို့အဖွဲ့ပဲ သူများရာဘာခြံထဲမှာ နေနေတာ။ အင်အားကတော့ ရာနဲ့ချီရှိတယ်။ ပိုင်ကျုံနဲ့လည်းနီးတယ်ဆိုတော့ သူတို့ဟာသူတို့ရိက္ခာပို့မှာပေါ့။” ဟု အဆိုပါတပ်ဖွဲ့ဝင်က ပြောသည်။

ကေအဲန်ယူ ပိုင်ကျုံမြို့နယ်အုပ်ချုပ်ရေးပိုင်းဘက်က ပြောပြချက်အရမူ စစ်အုပ်စုသည် မတ်လပထမအပတ်က ကစိုနှင့်ပနွဲ့ကလားကျေးရွာများတွင် ရှိခဲ့ပြီး ထိုစဉ်ကလည်း မည်သည့် လှုပ်ရှားမှုမှ လုပ်ဆောင်ခြင်းမရှိဘဲ ငြိမ်သက်နေခြင်းဖြစ်ကြောင်း သိရသည်။

“ဆက်လည်းမသွားဘူး ပြန်လည်းမပြန်ဘူး။ တောင်လုံးကျော်တိုက်ပွဲမှာ သူတို့ဘက်က ထိခိုက် တာရှိတော့ အင်အားထပ်ဖြည့်ဖို့လား၊ သတ်မှတ်ရက်မပြည့်သေးလို့လားတော့ မသိဘူး” ဟု ပိုင်ကျုံမြို့နယ်ဥက္ကဋ္ဌ ပဒိုစောဆာပုလဲဒီဝါးက ပြောသည်။

သို့ရာတွင် ပနွဲ့ကလားကျေးရွာသို့ ပြန်လည်နောက်ဆုတ်နေရာယူခဲ့သည့် စစ်အုပ်စုသည် ရွာလမ်း ဘေးနေရာများတွင် အုပ်စုဖွဲ့နေကြသလို ဒေသခံတချို့ ပိုင်ဆိုင်သည့် နေအိမ်များတွင်လည်း ဝင်ရောက်နေထိုင်မှုရှိခဲ့ကြောင်း ရွာခံများက ပြောသည်။

ထိုဒေသတဝိုက် နေထိုင်သည့် ရွာခံတစ်ဦးက “လမ်းဘေးနားမှာ တောက်လျှောက် တစ်နေရာကို သုံးယောက် လေးယောက် အဲဒီလိုချထားတာ။ သွားလာရင်လည်း စစ်ဆေးမေးမြန်းတာတွေလုပ်တယ်။ ပြီးတော့ သူတို့သူများ အိမ်ပေါ်မှာ တက်နေတော့ ရွာသားတွေက မနေရဲတော့ဘူး။ ပစ္စည်းလိုချင် တာရှိရင်လည်း တောင်းသေးတယ်” ဟု ကေအိုင်စီသို့ ပြောဆိုခဲ့သည်။

တောင်လုံးကျော်တိုက်ပွဲတွင် စစ်အုပ်စုတပ်ဖွဲ့ဝင် (၅) ဦးထက်မနည်း သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ အယောက် (၂၀) ဝန်းကျင်ခန့် ရှိခဲ့သည်ဟု ကေအဲန်ယူ သတင်းအရင်းအမြစ်များထံမှ သိရသည်။

ထို့အတူ စစ်အုပ်စု စစ်ကြောင်းထိုးလာသည့် ရက်ကာလအတွင်း အနီးတဝိုက် နေထိုင်သည့် ဒေသခံများ လုံခြုံရေး စိုးရိမ်ပူပန်၍ ရွှေ့ပြောင်းနေထိုင်ကြရခြင်းလည်း ရှိခဲ့သည်။ ရွာအတွင်း လူမရှိသည့် နေအိမ်များနှင့် ဈေးဆိုင်အချို့ကိုလည်း စစ်အုပ်စုက ဖောက်ထွင်းခိုးယူမှုလုပ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

စစ်အုပ်စုတပ်ဖွဲ့များသည် ကေအဲန်ယူ တပ်မဟာ(၇)နယ်မြေ၊ ပိုင်ကျုံမြို့နယ်သို့ ပြီးခဲ့သည့် ဇန်နဝါရီလ ကတည်းက စတင်ကာ ရွေးကောက်ပွဲအတွက် မဲရုံလုံခြုံရေး အကြောင်းပြချက်ဖြင့် အင်အားအများအပြားသုံးပြီး ဝင်ရောက်နေရာယူထားခြင်းဖြစ်သည်။