မတ် (၃၀) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
နွေရာသီနှင့်လိုက်ဖက်ညီသော ဒေသစာ သင်္ကြန်ထမင်းဝယ်ယူစားသုံးသူများလာသဖြင့် ကရင်ပြည်နယ်၊ ဖားအံမြို့တွင် ယခုမတ်လအတွင်း သင်္ကြန်ထမင်း ရောင်းအားကောင်းနေကြောင်း ကိုယ်တိုင်ချက်ပြုတ်ရောင်းချသူမြို့ခံများက ပြောသည်။
သာမန်ထမင်းဖြူကိုရေအေးဖြင့်ရော၍ ငါးခြောက်ထောင်း သို့မဟုတ် ပဲထောင်းကြော်တို့ဖြင့် တွဲဖက်စားသုံးကြသည့် သင်္ကြန်ထမင်းကို သင်္ကြန်အတွက် ကြိုတင်အော်ဒါမှာယူထားကြသည်အထိ ရောင်းချနေရသည်ဟု ဖားအံမြို့အတွင်း လမ်းမပေါ် အစားအသောက်ဖွင့်လှစ်ရောင်းချသည့်ဈေးဆိုင်များက ဆိုသည်။
“နေပူတော့ လူတွေတအားစားကြတယ်။ အခု သင်္ကြန်တွင်းဆိုရင် အော်ဒါလာမှာကြတာပေါ့။ ထမင်းကတော့ အများကြီး ချက်ထားရတယ်။ တစ်မနက်ကို ၄ ပြည် ၅ ပြည်လောက်ချက်ရတယ်။ နွေ၊မိုး၊ဆောင်း သူများစားတယ်။ ဒါပေမဲ့ မိုးတွင်းကျလျှော့ချက်ရတယ်၊ ဒီလောက်မကုန်ဘူး” ဟု ဆယ်နှစ်ကျော် သင်္ကြန်ထမင်းရောင်းလာသည့် ဖားအံမြို့ခံ နန်းစိန်လှက ပြောသည်။
မွန်ရိုးရာအစားအစာတစ်ခုဖြစ်သည့် သင်္ကြန်ထမင်းသည် ဒေသအလိုက် ချက်ပြုတ်ပုံလည်း ကွဲပြားမှုရှိသည်။ မွန်လူမျိုးများက ဖယောင်းကိုအငွေ့ခံကာ ချက်ပြုတ်စားသုံးလေ့ရှိသော်လည်း ကရင်ပြည်နယ်ဘက်တွင်မူ ငါးခြောက်၊ ပဲထောင်းတို့အပြင် သရက်သီး၊ နာနတ်သီးတို့နှင့်ပါ ရောနှောကာ ပြင်ဆင်ချက်ပြုတ် စားသုံးကြသည်။
သင်္ကြန်ထမင်းရောင်းချသူ ဖားအံမြို့နေ နန်းသီတာက “မိုးရာသီလည်းရောင်းတယ်။ ဒါပေမဲ့ နွေရာသီဆိုရင်တော့ အရမ်းရောင်းကောင်းတာ။ ဒီ ၃ လပိုင်း ၄ လပိုင်းဆိုရင် စရောင်းကောင်းနေပြီး။ ၄ လပိုင်းဆို သင်္ကြန်ကျလာတော့ တချို့ အလှူလုပ်တဲ့ သူတွေက လာအော်ဒါမှာတာမျိုး ရှိကြတယ်” ဟု ကေအိုင်စီကို ပြောသည်။
ရောင်းအားကောင်းလာခြင်းနှင့်အတူ ယခင်နှစ်က သင်္ကြန်ထမင်းတစ်ပွဲလျှင် ကျပ် (၅၀၀)ဝန်းကျင်သာ ရှိခဲ့သော်လည်း ကုန်စျေးနှုန်းကြီးမြင့်မှုနှင့် ငွေကြေးတန်ဖိုးပြောင်းလဲမှုကြောင့် လက်ရှိတွင် တစ်ပွဲလျှင် ကျပ် (၂,၀၀၀) အထိ စျေးနှုန်းမြင့်တက်သွားကြောင်းလည်း ဒေသခံများပြောပြချက်အရ သိရသည်။
ကရင်ပြည်နယ်အတွင်း အထူးသဖြင့် မြန်မာနှစ်သစ်ကူး အတာသင်္ကြန်ကာလများတွင် အထင်ကရနေရာအချို့၌ မဏ္ဍပ်များထိုး၍ သင်္ကြန်ထမင်း ဧည့်ခံကျွေးမွေးသည့်ဓလေ့မှာလည်း ယနေ့တိုင်ရှိနေသည်။



















