မတ် (၂၄) ရက် ၂၀၂၆ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၆)နယ်မြေ၊ ဒူးပလာယာခရိုင်၊ ကျုံဒိုးမြို့နယ်အတွင်း ဖွင့်လှစ်ထားသော အာဝါဒေး လောင်းကစားဝိုင်းများတွင် သွားကစားသူဒေသခံအချို့ မှာ အကြွေးတင်ပြီး ဥယျာဉ်ခြံမြေ ရောင်းချအကြွေးဆပ်ရသည့်အခြေအနေအထိ ရှိလာကြောင်း ဒေသသတင်းအရင်းအမြစ်များမှ သိရသည်။
ခရင်းကျေးရွာတွင် ပုံမှန်ဖွင့်လှစ်နေသည့် လောင်းကြေးပါ အာဝါဒေးလောင်းကစားဝိုင်းများကို ယခုနောက်ပိုင်း ခူနီကျေးရွာတွင်ပါ တိုးချဲ့ဖွင့်လှစ်လာခြင်းဖြစ်ပြီး သွားရောက်ကစားသူ လူငယ်များထက် လူလတ်ပိုင်းနှင့် လူကြီးပိုင်းများ ပိုများနေသည်။ ထိုအထဲမှတချို့မှာ လောင်းကစားရှုံးပြီး ခြံထုတ်ရောင်းရသည်အထိ ဖြစ်လာသည်ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
“အရင်က ခရင်းရွာဘက်မှာရှိတယ်။ အခုက ခူနီရွာဘက်မှာလည်းထပ်ဖွင့်ထားတယ် နှစ်လလောက်ရှိပြီ။ ဒေသခံတစ်ချို့က သွားကစားပြီး ရှုံးတော့ ခြံတွေဘာတွေရောင်းရတဲ့အထိ ရှိလာတယ်။” ဟု ၎င်းအမျိုးသမီးက ပြောသည်။
ခရင်းရွာတွင်ဖွင့်လှစ်စဥ်ကတည်းက လူစည်ကားစေရန် အာဝါဒေးလောင်းကစားဝိုင်းနှင့်အတူ ဇာတ်ပွဲများပါ တွဲဖက်ကျင်းပနေခဲ့သော်လည်း လက်ရှိတွင် နယ်မြေမတည်မငြိမ်မှုများကြောင့် ဇာတ်ပွဲများ ထည့်သွင်းခြင်းမပြုလုပ်တော့ဘဲ လောင်းကစားဝိုင်း တစ်မျိုးတည်းသာသီးသန့် ဖွင့်လှစ်ထားခြင်းဖြစ်ကြောင်း သိရသည်။
ထိုလောင်းကစားဝိုင်းများထဲတွင် ငါးပစ်ဂိမ်း၊ အန်ဂလုံနှင့် အရပ်ခေါ် အနီထောင် စသည့်ဖြင့် ကစားနည်းမျိုးစုံပါဝင်ပြီး ခြံရောင်းရသည်အထိ အကြွေးတင်သူအများစုမှာ ငါးပစ်ဂိမ်းကို စွဲစွဲလန်းလန်းကစားခြင်းကြောင့်ဖြစ်သည်ဟု ဒေသခံများကပြောသည်။
နောက်ထပ် ရွာသားတစ်ဦးက “အခု ခြံရောင်းလိုက်ရတဲ့သူတွေဆိုရင် ဒီငါးပစ်ဂိမ်းကြောင့် ပိုထိကြတာ။ အဲဒါတင်မကဘူး။ တချို့ဆို သားသမီးတွေ ပို့လာတဲ့ပိုက်ဆံနဲ့ သွားကစားပြီး ရှုံးတာအများကြီးပဲ” ဟု ကေအိုင်စီကို ပြောသည်။
လောင်းကစားဝိုင်း၏ နောက်ဆက်တွဲဆိုးကျိုးကြောင့် ဒေသအတွင်း ဆိုင်ကယ်နှင့် အိမ်တွင်းပစ္စည်းများအပါအဝင် ခြံထွက်သီးနှံ ခိုးယူခံရမှုများပါဖြစ်ပွားနေပြီး အချို့ရော်ဘာခြံများတွင် ရော်ဘာပြား အခိုးခံရမှုများလာ၍ လူထုစီးပွားရေးနှင့် လုံခြုံရေးထိခိုက်လာခြင်းတို့လည်း ရှိနေသည်။
အဆိုပါလောင်းကစားဝိုင်းများကို ကေအဲန်ယူ-တပ်မဟာ(၆)နယ်မြေအတွင်း လှုပ်ရှားသည့် ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်-DKBA က ဖွင့်လှစ်ထားခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။
ထို့အတူ လက်ရှိ လောင်းကစားဝိုင်းရှိရာ ကျေးရွာများ၌ တိုက်ပွဲ ဖြစ်ပွားခြင်းမရှိသော်လည်း စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှု အန္တရာယ်များကြောင့် လူအများ သတိထား၍နေရသည်။
ခရင်းကျေးရွာရှိ အဆိုပါလောင်းကစားဝိုင်းများကို စစ်တပ်အာဏာမသိမ်းခင်ကတည်းက DKBA အဖွဲ့က သွားရောက်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး အနီးနားကျေးရွာများသာမက ဒေသအတွင်းရှိ ရွာပေါင်းစုံ လာရောက် ကစားနေခဲ့ကြကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။



















