မတ် ၁၇ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်အတွင်း စက်သုံးဆီပြတ်လပ်မှုကြောင့် ဆီမှောင်ခိုဈေးကွက် ဖြစ်လာပြီး ဓာတ်ဆီ တစ်လီတာလျှင် ငွေကျပ် (၁၅,၀၀၀) အထိ ပေါက်ဈေးရှိနေကြောင်း ဒေသတွင်းကုန်သွယ်၊ ခရီးသွားလာနေသည့် မော်တော်ယာဉ်မောင်းနှင်သူများက ပြောသည်။
မတ်လဆန်းပိုင်းမှစပြီး စက်သုံးဆီ အလုအယက်ဝယ်ယူမှု ဖြစ်ပေါ်ခဲ့ခြင်းကြောင့် လက်ရှိ ကရင်ပြည်နယ်တွင် ဆီရောင်းပေးရန် ပြတ်လပ်သည်အထိ ဖြစ်သွားပြီး ဓာတ်ဆီတစ်လီတာလျှင် ငွေကျပ် (၁၃,၀၀၀) မှ (၁၅,၀၀၀) အထိ မှောင်ခိုဈေးပေး၍ ဝယ်ယူနေရသည်ဟု ဖားအံမြို့ခံ ယာဉ်မောင်းတစ်ဦးက ပြောသည်။
“ဖားအံမှာ ဓာတ်ဆီ လီတာနှစ်ဆယ်တစ်ပုံးကို နှစ်သိန်းကျော် သုံးသိန်းနီးနီး ပေးဝယ်နေရပြီ။ ရေသန့်ဗူးနဲ့ တစ်လီတာကို ၁၃,၀၀၀၊ ၁၅,၀၀၀ အထိရှိတယ်။ လောလောဆယ် ဒီဇယ်ကတော့ လိုသလောက်ရသေးတယ်။ တစ်လီတာ ၉,၀၀၀ ကျော်” ဟု အဆိုပါ ယာဉ်မောင်းက ပြောသည်။
ထို့အပြင် ပြည်နယ်စစ်အုပ်စုက လိုင်စင်ရ စက်သုံးဆီဆိုင်များတွင် ဆီရောင်းချမှုကို တစ်ရက်ခြား ကန့် သတ်ထားသလို လူအသုံးများသည့် ဓာတ်ဆီကို လိုအပ်သမျှ ဖြန့်ဝေနိုင်ခြင်းမရှိသဖြင့် ဆိုင်အများအပြားတွင် ဆီလုံးဝပြတ်လပ်သည်အထိ ဖြစ်ပေါ်လျက်ရှိသည်။

စက်သုံးဆီဆိုင်ကြီးများမရှိသည့် ကျုံဒိုး၊ ကော့ကရိတ်၊ သာမညနှင့် လှိုင်းဘွဲမြို့နယ်များတွင်မူ တစ်ဆင့်ပြန်ရောင်းချသည့် ဆီမှောင်ခိုဆိုင်များမှ ရောနှောဆီများကိုသာ ဝယ်ယူအသုံးပြုနေကြရသည်ဟု ကော့ကရိတ်မြို့နေ ဒေသခံများက ပြောသည်။
စက်သုံးဆီ လက်လီရောင်းချသူတစ်ဦးက “စစ်တပ်ဌာနဆိုင်ရာတွေက ပြန်ရောင်းတဲ့ ခွဲတမ်းဆီနဲ့ ဆီဆိုင်ကဆီရယ်၊ အပြင်ကတစ်ဆင့်ပြန်ဝယ်တဲ့ဆီရယ် ပေါင်းစုံကို ရောရောင်းတဲ့ဆီတွေပဲ ဝယ်သုံးနေရ တယ်။ ဆီသန့်ဝယ်ချင်ရင် ကားတစ်စီး သုံးသောင်းဖိုး၊ ဆိုင်ကယ်တစ်စီး တစ်သောင်းဖိုး ရောင်းတာကို သွားတန်းစီဝယ်ရတယ်” ဟု ကေအိုင်စီသို့ ပြောသည်။
ပြည်နယ်တွင်း ဆီပြတ်လပ်မှု အခြေအနေကြောင့် မြဝတီမြို့တွင်လည်း နယ်စပ်ဖြတ်ကျော်ပြီး ထိုင်းနိုင်ငံ၊ မဲဆောက်မှ ဓာတ်ဆီများကို တစ်ဆင့်ခံပြန်လည်ရောင်းချသည့် မှောင်ခိုဈေးကွက်ရှိနေသည်။
ထို့အပြင် သတ်မှတ်သည်ထက် ဆီပိုသယ်သဖြင့် ထိုင်းအာဏာပိုင်များက ဖမ်းဆီးမှုရှိနေပြီး ထိုင်းဆီ ဝယ်ယူသူများပြားလာခြင်းကြောင့် မြန်မာမော်တော်ယာဉ်များကို ဆီမရောင်းခြင်း၊ နေ့ဝက်ဖြင့် ရောင်းကုန်သွားခြင်း စသည့် အခြေအနေများ ဖြစ်လာသည်ဟု နယ်စပ်သတင်းအရင်းအမြစ်များထံမှ သိရသည်။



















