မတ် (၃၁) ရက်၊ ၂၀၂၆ခုနှစ်။ ကေအိုင်စီ
ထိုင်းနိုင်ငံ တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ဧပြီလ(၁)ရက်နေ့မှစတင်၍ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို တင်းကြပ်စွာစစ်ဆေးအရေးယူသွားမည်ဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်သည်။
ဆုန်ခရန်(သင်္ကြန်)ကာလအတွင်း ယာဉ်မတော်တဆမှုကြောင့် ထိခိုက်ဒဏ်ရာရရှိမှု၊ လူသေဆုံးမှုလျှော့ချရန်နှင့် အန္တရာယ်ကင်းသွားလာနိုင်ရန်ရည်ရွယ်၍ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ လိုက်နာရမည့်သတ်မှတ်ချက်များကို ရဲတပ်ဖွဲ့ကထုတ်ပြန်လာခြင်းဖြစ်သည်။
ဧပြီလ (၁)ရက်နေ့မှစ၍ ယာဥ်ကို အရှိန်မြှင့်မောင်းနှင်ခြင်း၊ မီးနီဖြတ်ခြင်း၊ လူကူးမျဉ်းကြားတွင်ရပ်မပေးခြင်း၊ ယာဉ်မောင်းချိန်တွင်ဖုန်းအသုံးပြုခြင်းများကို ဒဏ်ငွေ(၄,၀၀၀)ဘတ်အထိ တိုးမြင့်ကောက်ခံသွားမည်ဟု ဆိုသည်။
ထို့အတူ လမ်းပြောင်းပြန်မောင်းခြင်း၊ ဆိုင်ကယ်ဦးထုပ်မဆောင်းခြင်း၊ ခါးပတ်မပတ်ခြင်းများအတွက် ဒဏ်ငွေ (၂,၀၀၀)ဘတ်နှင့် ယာဉ်မောင်းလိုင်စင်မရှိဘဲ မောင်းနှင်သူများကို ဒဏ်ငွေ (၁,၀၀၀)ဘတ်(သို့မဟုတ်) ထောင်ဒဏ်တစ်လအထိချမှတ်နိုင်ကြောင်းလည်း ထုတ်ပြန်ချက်အရ သိရသည်။
အထူးသဖြင့် အရက်သေစာသောက်စားပြီး ယာဉ်မောင်းနှင်ခြင်း၊ မဆင်မခြင်မောင်းနှင်ခြင်းများအတွက် ဒဏ်ငွေ(၅,၀၀၀)ဘတ်မှ (၂၀,၀၀၀) အထိ အရေးယူနိုင်သည့်အပြင် ထောင်ဒဏ်တစ်နှစ် ချမှတ်နိုင်ပြီး လူသေဆုံးမှု၊ လူထိခိုက်ဒဏ်ရာရရှိမှုအထိရှိပါက ထောင်ဒဏ်(၁၀)နှစ်အထိ ချမှတ်ခံရနိုင်ကြောင်း သတ်မှတ်ထားသည်။
သတိပေးကာလကို ယနေ့ မတ်လ (၃၁)ရက်နေ့ နောက်ဆုံးသတ်မှတ်ထားပြီး ဧပြီလ (၁)ရက်နေ့တွင် စတင်ကြပ်မတ်အရေးယူတော့မည်ဟု ထိုင်းနိုင်ငံရဲတပ်ဖွဲ့က ဆိုသည်။
လိုက်နာရမည့်စည်းကမ်းချက်များကို ယခင်ကတည်းက နှစ်စဉ်ထုတ်ပြန်ထားခြင်းရှိသော်လည်း အချို့စည်းကမ်းချက်များမှာ ဒဏ်ကြေးသတ်မှတ်ချက် သုံးဆအထိ တိုးလာသည်။
စည်းကမ်းချက်များကို အထူးသဖြင့် ထိုင်းရောက်ရွေ့ပြောင်းမြန်မာအလုပ်သမားများ သတိထားလိုက်နာရန်လိုအပ်သလို နိုင်ငံခြားသားဖြစ်သည့်အတွက် အရေးယူခံရပါက ထိုင်းနိုင်ငံသားထက် ပြစ်ဒဏ်ပိုကြီးနိုင်သည်ဟုလည်း မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ(JACBA)ဥက္ကဌ ဦးမိုးကြိုးက အကြံပြုသည်။
“ညအချိန်ပဲ သောက်စားပြီးထွက်လိုက်မယ်ဆိုတာမျိုး မလုပ်နဲ့။ ဖမ်းမိရင် သူတို့နိုင်ငံသားတွေက တစ်ခွန်းနှစ်ခွန်း ပြောရင်ပြီးတယ်။ ကိုယ်တွေနိုင်ငံသားတွေအတွက် မိရင် အနည်းဆုံး လစာတစ်လစာက ကုန်ပြီ။ သတိထားပြီး နေဖို့လိုတယ်။” ဦးမိုးကြိုးက ပြောသည်။
ထို့အတူ စက်ဘီးဖြင့်သွားလာနေကြသည့် ရွေ့ပြောင်းအလုပ်သမားများအနေဖြင့်လည်း ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းသတ်မှတ်ချက်အတွင်း အကျုံးဝင်သောကြောင့် အများနည်းတူလိုက်နာရန်လိုအပ်ကြောင်းလည်း ၎င်းကဖြည့်စွက်ပြောသည်။
ပြီးခဲ့သည့် ၂၀၂၅ခုနှစ်က ထိုင်းတစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် သင်္ကြန်ကာလ (၇)ရက်အတွင်း ယာဉ်မတော်တဆမှုပေါင်း (၁,၅၃၈)ကြိမ်ဖြစ်ပွားခဲ့ခြင်းရှိသည်။ ထိုအထဲတွင် သေဆုံးသူ (၂၅၃)ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ (၁,၄၉၅)ဦး ရှိခဲ့ကြောင်း ထိုင်းနိုင်ငံ လမ်းအန္တရာယ်ကင်းရှင်းရေးစင်တာ (The Road Safety Operation Centre)၏ထုတ်ပြန်ချက်အရ သိရသည်။



















