Home သတင်း ပုံစံမျိုးစုံ စစ်မှုထမ်းပေါ်တာဆွဲမှုကြောင့် ထားဝယ်မြို့ပေါ်ကဒေသခံတွေ ထိတ်လန့်

ပုံစံမျိုးစုံ စစ်မှုထမ်းပေါ်တာဆွဲမှုကြောင့် ထားဝယ်မြို့ပေါ်ကဒေသခံတွေ ထိတ်လန့်

785
Photo: CJ (ပုံဟောင်း)

ဖေဖော်ဝါရီ (၁၃) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့ပေါ်နှင့် မြို့အဝင် မြို့အထွက်နေရာများတွင် ပုံစံအမျိုးမျိုးဖြင့် စစ်အုပ်စုက စစ်မှုထမ်းရန်ပေါ်တာဆွဲ(အတင်းအကြပ်ခိုင်းစေ)နေမှုများ ဆက်တိုက်ဖြစ်ပွား၍ လုံခြုံရေးထိတ်လန့်နေရကြောင်း ထားဝယ်မြို့နေပြည်သူများထံမှ သိရသည်။

ထားဝယ်မြို့ပေါ်တွင် အိမ်တိုင်ရာရောက်ဖမ်းဆီးခြင်း၊ မြို့အဝင် မြို့အထွက် တပ်ဂိတ်နေရာများကို ဖြတ်သန်းသွားလာရာမှဖမ်းဆီးခံရခြင်း၊ ပျော်ပွဲရွှင်ပွဲအလည်သွားရာမှဖမ်းဆီးခြင်း စသည်တို့ဖြင့် ပြီးခဲ့သည့် ဇန်နဝါရီကတည်းက ယနေ့ထက်ထိ စစ်အုပ်စုက စစ်မှုထမ်းပေါ်တာဆွဲမှုများ ခပ်စိတ်စိတ်လုပ်လာသည်ဟု ဒေသခံတို့ကဆိုသည်။

“ဂိတ်တွေမှာကားပေါ်ကဆွဲချပြီးဖမ်းတာ၊ ကမ်းနားလမ်းကစတိတ်ရှိုးသွားရင်း အဖမ်းခံရတာ၊ ဧည့်စာရင်းကိုင်ပြီးအိမ်မှာလာဖမ်းတာ တော်တော်များများပါသွားတယ်။ ယောင်္ကျားလေးလူငယ်အဓိကပေါ့။ အခုနောက်ပိုင်းတော့ လူငယ်တော်တော်များများ အပြင်မထွက်ရဲကြတော့ဘူး” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ဖမ်းဆီးထားသည့်လူငယ်များကို ထားဝယ်မြို့ပေါ်ရှိ စစ်အုပ်စုနေရာ စုပေါင်းရုံးတွင် မှတ်တမ်းသွင်း၊ ဆေးစစ်ခြင်းတို့လုပ်ဆောင်ပေးပြီးနောက် ဘိတ်မြို့ရှိ စစ်သင်တန်းကျောင်းသို့ တိုက်ရိုက်ပို့လိုက်ကြောင်းလည်း မြို့ခံအသိုင်းအဝိုင်းထံမှ သိရသည်။

ထို့အပြင် လမ်းသွားလမ်းလာရင်း ပေါ်တာဆွဲခံရရုံမက ဧည့်စာရင်းမတိုင်ပါက အရေးယူခံရမည်ကိုစိုးပြီး ဧည့်စာရင်းတိုင်နေထိုင်သည့်မြို့ခံမဟုတ်သူများမှာလည်း အိမ်နေရင်း ပေါ်တာဆွဲခံရမည့်စိုးရိမ်စိတ်ဖြင့် ထိတ်လန့်နေရသည်ဟု ထားဝယ်မြို့တွင်နေထိုင်သူအချို့က ဆိုသည်။

“ညဖက်ညဖက် ထားဝယ်မြို့မှာ ကိုယ့်အိမ်မှာကိုယ်ကင်းစောင့်ရတဲ့သဘောမျိုးဖြစ်နေပြီ။ အိမ်ရှေ့ကို စစ်မှုထမ်းကားဘယ်အချိန်ရောက်လာမလဲဆိုတဲ့ သံသဃများစွာနဲ့အိပ်စက်နေရတဲ့ ထားဝယ်မြို့” ဟု ထားဝယ်သတင်းအရင်းအမြစ်က အွန်လိုင်းပေါ်မှတဆင့်ပြောဆိုထားသည်။

၂၀၂၃ ခုနှစ်၊ မတ်လကုန်ပိုင်းအထိ လူဦးရေစာရင်းအရ ထားဝယ်မြို့တွင် မြို့ပေါ်ရပ်ကွက်(၁၅)ခုဖြင့် မြို့နေလူဦးရေ ၇ သောင်းကျော်ရှိပြီး ကျေးလက်တွင် လူဦးရေ ၆ သောင်း ၈ထောင်ကျော်နေထိုင်သည်။ ထားဝယ်မြို့သည် တနင်္သာရီတိုင်းဒေသကြီးအတွင်း လူဦးရေအများအပြားနေထိုင်ရာ မြို့တစ်ခုဖြစ်ပြီး မြို့ပေါ်၌ စစ်အုပ်စုထိန်းချုပ်မှုအခိုင်အမာရှိကြောင်း ဒေသသတင်းအရင်းအမြစ်များအရ သိရသည်။

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီက စစ်မှုထမ်းဥပဒေထွက်လာပြီးနောက် စစ်အုပ်စုက စစ်မှုထမ်းသင်တန်းများ တရားဝင်ဖွင့်လှစ်ခဲ့ရာ လက်ရှိအပတ်စဥ်(၂၁)အထိရောက်လာပြီဖြစ်သည်။ တစ်ပတ်စဥ်လျှင် သင်တန်းသား(၅,၀၀၀)ပမာဏလက်ခံမည်ဟု စစ်အုပ်စုကကြေညာထားသော်လည်း ထားဝယ်အပါအဝင် စစ်အုပ်စုချုပ်ကိုင်ထားနိုင်သည့်မြို့ကြီးများတွင် စစ်မှုထမ်းပေါ်တာဆွဲမှုများ ဖြစ်ပေါ်လျှက်ရှိခြင်းကြောင့် စစ်မှုထမ်းစေခိုင်းခံရသူ ၁ သိန်းကျော်ရုံမက များပြားနိုင်ကြောင်း လေ့လာစောင့်ကြည့်သူများက ဆိုသည်။