ဖေဖော်ဝါရီ ၂၃ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၇)နယ်မြေ၊ ဖားအံခရိုင်၊ ပိုင်ကျုံမြို့အနီးတွင် ယနေ့ နံနက် ၁၀ နာရီဝန်းကျင်ခန့်က နယ်မြေခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် အာဏာသိမ်းစစ်အုပ်စု တပ်ဖွဲ့ဝင်တို့အကြား ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်ဟု ဒေသခံများက ပြောသည်။
ပိုင်ကျုံမြို့မြောက်ဘက်ရှိ နှစ်ဖက်တပ်ဆိုင်ထားသည့် နေရာတွင် စစ်အုပ်စုတပ်ဘက်မှ တက်လာသောကြောင့် ကေအဲန်ယူလက်အောက်ခံ တပ်ဖွဲ့ဝင်များဘက်က ခြောက်လှန့်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ကေအဲန်ယူဘက်က ပြောသည်။
ကေအဲန်ယူ ပိုင်ကျုံမြို့နယ်ဥက္ကဌ စောဆာပုလဲဒီဝါးက “စစ်တပ်ဘက်က တောင်ခြေဘက်ကို တက်လာမလို့။ ကိုယ့်ဘက်က မသွားခိုင်းဘူး။ အဲဒါ ခြောက်လှန့်ပစ်ခတ်တဲ့ သဘောပါပဲ။ တိုက်ပွဲဖြစ်တဲ့ အဆင့်ထိတော့ မဟုတ်ဘူး။ အဲလို ခြောက်ပစ်တော့ စစ်တပ်ဘက်ကလည်း လက်နက်ကြီးနဲ့ တစ်ချက် နှစ်ချက် ပြန်ပစ်တာမျိုးတော့ ရှိတယ်။” ဟု ကေအိုင်စီသို့ ပြောသည်။
စစ်တပ်အနေဖြင့် ပိုင်ကျုံမြို့အနီး တပ်ထိုင်ထားရာကနေ အင်အားအများအပြား အပြင်ထွက်လာပြီး စစ်ကြောင်းထိုးလာသည့်ပုံစံဖြင့် သွေးတိုးစမ်းသည့် သဘောမျိုးဖြစ်နိုင်ကြောင်းလည်း စောဆာပုလဲဒီဝါးက ဖြည့်စွက်ပြောသည်။
အဆိုပါ ပစ်ခတ်မှု ဖြစ်ပွားခြင်းကြောင့် အနီးအနားဒေသခံအများအပြားသည် နီးစပ်ရာ ဖားအံမြို့နှင့် ကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေကြရပြီး တိုက်ပွဲကြီး ဖြစ်လာမည်ကို စိုးရိမ်နေကြသည်ဟု သိရသည်။
စစ်တပ်၏ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံ နေအိမ်ထိခိုက်ပျက်စီးမှုရှိသလို ဒေသခံအရပ်သားထိခိုက်ဒဏ်ရာရမှုလည်း ရှိသည်ဟု ထွက်ပြေးတိမ်းရှောင်လာသူများက ပြောသည်။
“လူနှစ်ယောက် ထိသွားတယ်။ လက်နက်ကြီး ၁ လုံးကျသွားပြီးတော့ အဲဒီမှာ ထိသွားတာ။ နောက်နေ့ဆို ပိုဖြစ်မလားမသိဘူး။ ပြောရမယ်ဆိုရင် အဲဒီမှာက အဖွဲ့အစည်းစုံတယ်လေ။ အခု လမ်းတွေ ပိတ်လိုက်ကုန်ပြီ။ တော်သေးတယ် ကိုယ်တွေတောင် ထွက်လာနိုင်ခဲ့လို့။ ပစ္စည်းတွေ ကတော့ အရေးကြီးတာပဲ သယ်လာတယ်။” ဟု ပိုင်ကျုံဒေသခံအမျိုးသမီးတစ်ဦးက ကေအိုင်စီသို့ ပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီလဆန်းပိုင်းကတည်းက ရွေးကောက်ပွဲ အကြောင်းပြချက်ဖြင့် စစ်အုပ်စုတပ်ဖွဲ့ ဝင်များသည် လှိုင်ဘွဲနှင့် ပိုင်ကျုံမြို့နယ်အတွင်းသို့ အင်အားအများအပြားဖြင့် ဝင်ရောက်တပ်စွဲ နေရာယူထားခြင်းဖြစ်သည်။ ယနေ့အချိန်ထိ ပြန်လည်ထွက်ခွာခြင်းမရှိဘဲ နှစ်ဖက်တပ်ဆိုင် ထားသည့် အနေအထားတွင် ယခုလို ပစ်ခတ်မှု စတင်ဖြစ်ပွားလာခြင်းဖြစ်သည်။



















