ဖေဖော်ဝါရီ (၁၀) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၁)၊ ဒူးသထူ(သထုံ)ခရိုင်၊ ဘီးလင်းမြို့နယ်၊ ဖိုးဝသိမ်၊ ညောင်ထောက်၊ အလူးကြီး စသည့်ကျေးရွာများတွင် ဖေဖော်ဝါရီလ(၅)ရက်နေ့မှစပြီး စစ်အုပ်စုစစ်ကြောင်းထိုးပြီး နေအိမ်မီးရှို့၊ ဖျက်ဆီးမှုများလုပ်နေ၍ ရွာခံများ ယနေ့အထိနေအိမ်မပြန်ရဲကြောင်း ဘီးလင်းဒေသသတင်းအရင်းအမြစ်မှ သိရသည်။
စစ်ကြောင်းဝင်နေသည့် ဖေဖော်ဝါရီ(၇)ရက်နေ့တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များနှင့်စစ်အုပ်စုတို့ ညောင်ထောက်ရွာ၌တိုက်ပွဲဖြစ်ပွားပြီး စစ်အုပ်စုက ထိုရွာရှိနေအိမ်(၂)လုံးကိုမီးရှို့ဖျက်ဆီးခဲ့သည်။ ထို့နောက် အလူးကြီးနှင့်ဖိုးဝသိမ်ရွာအတွင်း လှည့်လည်သွားလာ၍ ဖိုးဝသိမ်ရွာ၌တပ်အထိုင်ချခဲ့သည်ဟု ဒေသခံများကပြောသည်။
“ညောင်ထောက်မှာကအိမ်နှစ်အိမ်မီးရှို့တယ်။ ပြီးတော့ ဖိုးဝသိမ်ရွာမှာတပ်ထိုင်တယ်၊ ဖိုးဝသိမ်၊ ညောင်ထောက်၊ ရှမ်းစု၊ အလူးကြီး အဲ့ရွာတွေအခုစစ်ရှောင်နေရတယ်။ ဒီနေ့ ဖိုးဝသိမ်ရွာထဲမှာမရှိတော့ဘူးလို့ပြောပေမယ့် အိမ်မပြန်ရဲဘူး။ ဘေးကတောတောင်တွေမှာလည်း ဝင်ခိုနိုင်သေးတယ်လေ။” ဟု ဒေသခံအမျိုးသားကပြောသည်။
ထို့အပြင် ဖိုးဝသိမ်နှင့်အလူးကြီးရွာတို့တွင် လှည့်လည်သွားလာနေသည့်ရက်အတွင်း စစ်အုပ်စုမှ ဒေသခံပိုင်နေအိမ်များကိုမွှေနှောက်ရှာဖွေခဲ့ပြီး တန်ကြေးနည်းသည့်ပစ္စည်းမှ တန်ဖိုးကြီးသည့်ပစ္စည်းအထိ ယူဆောင်သွားခဲ့ကြောင်းလည်း ဒေသတွင်းသတင်းအရင်းအမြစ်များ ဖော်ပြပြောဆိုမှုအရ သိရသည်။
ဖော်ပြပါ ဒေသခံက ဆက်လက်၍ “ဖိုးဝသိမ်ရွာကဆို အင်္ကျီ၊ ထဘီကအစယူတယ်။ အလူးကြီးမှာတော့ မော်တော်ဆိုင်ကယ်ဆယ်စီးလောက်ရှိမယ် ပါသွားတာ။ ပိုက်ဆံတွေ ဖုန်းတွေလည်းပါသွားတယ်။” ဟု ၎င်းက ပြောသည်။
ဖေဖော်ဝါရီ(၇)ရက်နေ့ကတိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်မှုလည်းရှိခဲ့သည်။ စစ်အုပ်စုဘက်တွင်မူ တပ်ဖွဲ့ဝင် (၃)ဦးထက်မနည်း ထိခိုက်သေဆုံးသည်ဟု တော်လှန်ရေးတပ်ဖွဲ့ဘက်ကဆိုသည်။
ယခုနှစ်အစကတည်းက ဖော်ပြပါကျေးရွာများတွင် စစ်အုပ်စုစစ်ကြောင်းဝင်ရောက်မှုများ ခပ်စိတ်စိတ်ရှိနေပြီး ရွာအတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲမှုလည်း မကြာခဏဖြစ်ပွားနေသောကြောင့် ဒေသခံများမှာ ရက်ပိုင်းဆိုသလိုစစ်ရှောင်နေရသည်။
ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက်-KPSN ၏ ယခုနှစ် ဇန်နဝါရီလတွင် ထုတ်ပြန်သည့် စစ်ရှောင်စာရင်းအရ ဒူးသထူခရိုင်တွင် ၂၀၂၅ ဒီဇင်ဘာလကုန်အထိ နေရပ်စွန့်ခွာရှောင်တိမ်းနေရသူ (၁၅၀,၀၀၀)နီးပါးရှိသည်။



















