Home သတင်း CI စာအုပ်နှင့် ဝပ်ပါမစ် စရိတ်ကြောင့် ထိုင်းရောက် မြန်မာလုပ်သားများအကြား စိုးရိမ်မှု မြင့်တက်နေ

CI စာအုပ်နှင့် ဝပ်ပါမစ် စရိတ်ကြောင့် ထိုင်းရောက် မြန်မာလုပ်သားများအကြား စိုးရိမ်မှု မြင့်တက်နေ

641
Photo: Social Media (ပုံဟောင်း)

ဖေဖော်ဝါရီ ၁၆ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ထိုင်းနိုင်ငံရှိ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်- CI ထုတ်ပေးရေးစခန်းများကို ပြန်လည် ဖွင့်လှစ်စီစဉ်နေသည့်တချိန်တည်းတွင် အထောက်အထားသက်တမ်းကုန်ဆုံးမည့် မြန်မာလုပ်သားများ အနေဖြင့် CI စာအုပ်နှင့် ဝပ်ပါမစ် (အလုပ်လုပ်ကိုင်ခွင့်) သက်တမ်းတိုးခြင်း လုပ်ငန်းစဉ်များ၏ ကုန်ကျစရိတ်တို့ကြောင့် မြန်မာရွှေ့ပြောင်းအလုပ်သမားများအကြား စိုးရိမ်မှု မြင့်တက်လျက်ရှိသည်ဟု သိရသည်။

ယခုနှစ် မတ်လကုန်ပိုင်းတွင် သက်တမ်းကုန်ဆုံးမည့် အလုပ်သမားများသည် ယခင်ကဲ့သို့ ဝပ်ပါမစ် တစ်ခုတည်း သက်တမ်းတိုးခြင်းအပြင် CI စာအုပ်အသစ်ကိုပါ တစ်ပြိုင်နက်တည်း ပြုလုပ်ရမည့် အခြေအနေ ဖြစ်နေခြင်းဖြစ်သည်။

ထိုသို့ အထောက်အထားနှစ်ခုလုံးအတွက် တစ်ချိန်တည်းတွင် ငွေကြေးအမြောက်အမြား အသုံးပြုရ မည်ဖြစ်သောကြောင့် အခြေခံလုပ်ခလစာဖြင့် ရုန်းကန်နေရသည့် အလုပ်သမားများအကြား အခက်တွေ့ နေကြခြင်း ဖြစ်သည်။

“ ပိုက်ဆံကတော့ နှစ်ခေါက်ကုန်ဖို့ ရှိတာပေါ့။ ဒါပေမယ့် ကိုယ်က သူများနိုင်ငံမှာ နေတော့ မဖြစ်မနေ လုပ်ရမှာပဲလေ။ ပုံမှန် အလုပ်ရှိသူတွေ အဆင်ပြေပေမယ့် မရှိသူတွေအတွက်တော့ မပြေဘူး။ မိသားစု ပြန်‌ထောက်ပံ့ဖို့က ရှိသေးတော့ ပိုပြီးခက်ခဲတယ်။” ဟု ထိုင်းရောက် ရွှေ့ပြောင်းအလုပ်သမားတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် CI စာအုပ်အသစ်လဲလှယ်ခ၊ ဝပ်ပါမစ်သက်တမ်းတိုးခ၊ ကျန်းမာရေးအာမခံနှင့် အထွေထွေဝန် ဆောင်ခများ ပေါင်းလိုက်ပါက အလုပ်သမားတစ်ဦးလျှင် အနည်းဆုံး ဘတ် ၁၀,၀၀၀ မှ ၁၅,၀၀၀ ဝန်းကျင်အထိ ပွဲစားခအပေါ်မူတည်၍ ကုန်ကျနိုင်ခြေရှိကြောင်း နောက်ထပ် မြန်မာ‌ရွှေ့ပြောင်းလုပ်သားတစ်ဦးကလည်း ပြောသည်။

၎င်းက “ လုပ်ရင်တော့ ပွဲစားနဲ့ပဲ လုပ်ဖြစ်မယ်။ ကိုယ်လည်း ဒီရောက်တာ မကြာသေးတော့ သွားရေးလာရေး ဘာသာစကားတွေလည် အခက်အခဲရှိတော့ အဆင်မပြေဘူးလေ။ ကားငှားတာ နေရာရှာတာတို့က အပါအဝင်ပေါ့” ဟု ပြောသည်။

လာမည့် ဖေဖော်ဝါရီလ ၁၇ ရက်‌နေ့တွင် မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမားများအတွက် CI သက်‌သေခံလက်မှတ်ကို ထိုင်းနိုင်ငံရှိ စမုစခွန်၊ စမုပရာကန်၊ ဆူရတ်ဌာနီ၊ ချင်းမိုင်နှင့် ချွန်ဘူရီ ဖော်ပြပါ စင်တာနေရာ ၅ခုတွင် လုပ်ဆောင်ပေးသွားမည် ဖြစ်သည်ဟု ဘန်ကောက်မြို့ရှိ စစ်အုပ်စု၏ အလုပ်သမားသံအရာရှိရုံးက ထုတ်ပြန်ထားသည်။

မြန်မာပြည်သားအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ-JACBA အဖွဲ့ဥက္ကဋ္ဌ ဦးမိုးကြိုးက “ CI လုပ်ဖို့ဆိုတာက မကြာသေးခင်က ပန်းရောင်ကဒ် လုပ်ထားတဲ့သူတွေအတွက် ရည်ရွယ်တာ ဖြစ်ပါတယ်။ စာရွက်စာတမ်း အထောက်အထားကုမ္ပဏီဘက်ကလည်း ထိုင်းနိုင်ငံက တရားဝင်လိုင်စင်ချပေးထားတဲ့ အသိအမှတ်ပြုထားတဲ့ တရားဝင်စာရွက်စာတမ်းကုမ္ပဏီနဲ့ လုပ်စေချင်ပါတယ်။ လမ်းလျှောက်ပွဲစားတွေ၊ ဆိုင်ကယ်စီး၊ ကားစီးပွဲစားတွေ ကိုယ့် အချင်းချင်း ဂျင်းထည့်မယ့်ပွဲစားတွေကို ရှောင်ရှားစေချင်ပါတယ်။” ဟု ပြောသည်။

ဆက်လက်၍ ထိုင်းရောက် မြန်မာလုပ်သားများအနေဖြင့် တရားဝင်နေထိုင်ခွင့် အထောက်အထားများ ဆက်လက်ရရှိရန်အတွက် မိမိတို့၏ စာရွက်စာတမ်းများကို အမြန်ဆုံးပြင်ဆင်ထားရန်နှင့် သက်ဆိုင်ရာ သံရုံးနှင့် အလုပ်သမားရုံးများမှ ထုတ်ပြန်သော တရားဝင်ဈေးနှုန်းများကိုသာ အခြေခံ၍ ဆောင်ရွက်ကြရန် အလုပ်သမားအဖွဲ့အစည်းများက တိုက်တွန်းထားသည်။