ဖေဖော်ဝါရီ (၉) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူဒေသ၊ ဇီဇဝါမြိုင်ရပ်ကွက်ရှိ မြိုင်ကြီးငူတိုက်နယ်ဆေးရုံအနီး ယနေ့(ဖေဖော်ဝါရီ ၉ရက်) မနက် ၇ နာရီဝန်းကျင်က လက်နက်ကြီးတစ်လုံးကျရောက်ပေါက်ကွဲခဲ့ရာ ကလေးငယ်တစ်ဦးဒဏ်ရာရပြီး ဆေးရုံအဆောက်အဦးလည်း ထိခိုက်ပျက်စီးသွားကြောင်း လူမှုကယ်ဆယ်ရေးအသိုင်းအဝိုင်းကပြောသည်။
“ဟိုဘက်ကမ်းကမြိုင်ကြီးငူမှာ ပေါက်ကွဲသံကြားလိုက်ရတယ်။ ဆေးရုံထိတယ် ကလေးတစ်ယောက်လည်းထိတယ်လို့ပြောတယ်” ဟု မြိုင်ကြီးငူတဖက်ကမ်း ကမမောင်းမြို့ရှိ လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။
ထို့အပြင် လက်နက်ကြီးကြောင့် မြိုင်ကြီးငူတိုက်နယ်ဆေးရုံနံရံများ၊ ဆေးရုံအတွင်းလူနာဆောင်များ အပါအဝင် အရပ်သားပြည်သူပိုင် မော်တော်ယာဥ်တစ်စီးလည်း ကျည်စထိမှန်ပျက်စီးသွားသည်ဟု ဆိုသည်။
စစ်ရေးပစ်မှတ်မဟုတ်သည့် ပြည်သူပိုင်ဆေးရုံနေရာသို့ မည်သည့်လက်နက်ကိုင်တပ်ဖွဲ့က လက်နက်ကြီးပစ်ခတ်ခဲ့ကြောင်း ကေအိုင်စီအနေဖြင့်စုံစမ်းနေဆဲဖြစ်သည်။ ကမမောင်းဒေသခံတချို့ပြောပြချက်အရမူ မြိုင်ကြီးငူမှ သံလွင်တစ်ဖက်ကမ်းရှိ ကမမောင်းမြို့အနီး စစ်အုပ်စုဗျူဟာမှလက်နက်ကြီး တစ်ခါတရံပစ်ခတ်မှုရှိသည်ဟု သိရသည်။

ကမမောင်းဒေသခံက “ဒီရက်ထဲမှာတိုက်ပွဲသံနေ့တိုင်းကြားနေရတာ။ ကမမောင်းဗျူဟာကလည်း တစ်ချက်တစ်ချက်လက်နက်ကြီးပစ်တာမျိုးရှိတယ်။ မနက်အစောပိုင်းကလည်း မြို့ပြင်ဘက်မှာတိုက်ပွဲဖြစ်သံကြားရတယ်” ဟု ဆိုသည်။
အလားတူ ဖေဖော်ဝါရီလဆန်းပိုင်းကလည်း မြိုင်ကြီးငူဘက်သို့ ကမမောင်း-ကတိုင်တိ လမ်းပိုင်း၌ စစ်အုပ်စုနှင့်ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA မဟာမိတ်တပ်များ တိုက်ပွဲဖြစ်ပြီး လက်နက်ကြီးကျရောက်မှုရှိခဲ့ကြောင်း ဒေသခံများကပြောသည်။
မြန်မာနိုင်ငံတွင် အာဏာသိမ်းထားသည့်ကာလအတွင်း ကျန်းမာရေးကဏ္ဍအပေါ်အကြမ်းဖက်နှောင့်ယှက်ခံရမှုအကြိမ်ရေ (၁,၆၀၀) ကျော်ဖြစ်ပွားခဲ့ပြီး ထိုအထဲတွင် ကျန်းမာရေးအဆောက်အအုံများကိုတိုက်ခိုက်မှု အကြိမ်ရေ(၃၀၀)ကျော်ပါဝင်ကြောင်း လူ့အခွင့်အရေးလေ့လာစောင့်ကြည့်နေသည့် Insecurity Insights အဖွဲ့၏အစီရင်ခံစာအရ သိရသည်။



















