ဖေဖော်ဝါရီ ၂၀ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ (၅) မူတြော်ခရိုင်နှင့် တပ်မဟာ (၆) ဒူးပလာယာ ခရိုင်တို့တွင် စစ်အုပ်စုက နယ်မြေတိုးချဲ့ထိန်းချုပ်နိုင်ရန် ဖိအားပေးသည့်အနေဖြင့် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများ အရှိန်တိုးမြှင့်လုပ်ဆောင်နေကြောင်း ကရင်စစ်ရေး သတင်းအရင်းအမြစ်က ပြောသည်။
ဖေဖော်ဝါရီ (၁၀) ရက်နေ့မှစတင်ပြီး ဖာပွန်မြို့နယ်၊ ဖာပွန်မြို့အခြေချဗျူဟာကုန်းစခန်း၊ ကော့ ကရိတ်မြို့နယ်ရှိ ကော့ကရိတ်မြို့တောင်ပိုင်း၊ မြောက်ပိုင်းကျေးရွာများနှင့် မြဝတီမြို့တောင်ဘက် မင်းလက်ပံ၊ ဖလူးလေး၊ ဝေါလေမြိုင်မြို့သစ်နေရာများတွင် စစ်အုပ်စုက ဂျက်တိုက်လေယာဉ်၊ Y-12 များအသုံးပြု၍ ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေကြောင်း တော်လှန်ရေးအင်အားစုက ပြောသည်။
“အရင်က တစ်ပတ်ကို တစ်နေရာလောက်ပဲ လေကြောင်းတိုက်တာ။ အခု (၁၀) ရက်နောက်ပိုင်းမှာ ဖာပွန်ဆို နေ့ရောညရောကြဲတယ်။ မြဝတီ၊ ဝေါလေဘက်ဗုံးသွားကြဲ ပြန်ဆင်းလာပြီး ကော့ကရိတ် တောင်ပိုင်း ဒါမှမဟုတ် မြောက်ပိုင်းမှာချသွားတယ်။ ဖလူး၊ မင်းလက်ပံမှာလည်း တစ်ရက်တည်း ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံးတွေပဲ သုံးကြိမ်ကြဲသွားတယ်” ဟု တောင်ပိုင်းတော်လှန်ရေးတပ်ဖွဲ့ဝင်က ဆိုသည်။
စစ်အုပ်စုက မြေပြင်မှအင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းရှိသော်လည်း ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော် (KNLA) မဟာမိတ်တပ်၏ ခုခံစစ်ကြောင့် လက်ရှိအချိန်ထိ စစ်အုပ်စုနယ်မြေတိုးချဲ့ထိန်းချုပ်နိုင်မှုမရသေးကြောင်း မဟာမိတ်တပ်ပြောပြချက်အရ သိရသည်။ ထို့ကြောင့် လေကြောင်းတိုက်ခိုက်မှု အင်အားပိုသုံးလာခြင်းဖြစ်သည်ဟု ဆိုသည်။

ကော့ကရိတ်အခြေစိုက် KNLA မဟာမိတ်တပ်ဖွဲ့ဝင်က “မြေပြင်မှာဆို နောင်ကိုင်း၊ ကြက် မောက်ခြံဘက်မှာ စစ်တပ်က ရှေ့တိုးမရဖြစ်နေတယ်။ ရန်ကုတ်နဲ့ အောက်ဘိုတဲလမ်းလည်း ဖောက်ထွက်မရတော့ လေယာဉ်နဲ့ကြဲခိုင်းပြီး တိုးဖို့လုပ်တဲ့ပုံစံရှိလာတယ်” ဟု ကေအိုင်စီသို့ ပြောသည်။
ကရင်ပြည်နယ်အတွင်း လတ်တလော စစ်ရေးအခြေပြုလှုပ်ရှားနေသော စစ်အုပ်စုတွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ တပ်မ (၂၂)၊ တပ်မ (၄၄) နှင့် ကမ်းရိုးတန်း တိုင်းလက်အောက်ခံတပ်ရင်းများမှ လက်ကျန်တပ်ခွဲများ ပါဝင်သည်။ ၎င်းတပ်များအပါအဝင် စစ်မှုထမ်းတပ်သားသစ်များပါ စုပေါင်းပြီး အင်အားနှစ်ထောင်ဝန်းကျင်ဖြင့် ထိုးစစ်ဆင်နေခြင်းဖြစ်ကြောင်း ကရင်စစ်ရေးသတင်းအရင်းအမြစ်က ဆိုသည်။
အဆိုပါ ထောင်ချီရှိသည့် တပ်ပေါင်းစုများမှာ ကြာအင်းဆိပ်ကြီး-ဘုရားသုံးဆူနယ်မြေ၊ ကော့ကရိတ်-ကျုံဒိုးနယ်မြေ၊ ကမမောင်း-ဖာပွန်နယ်မြေ၊ မြဝတီ-ဝေါလေလမ်းပိုင်းနယ်မြေများကို သိမ်းပိုက်ရရှိရန် ကြိုးပမ်းနေခြင်းမှာ (၇) လခန့် ကြာမြင့်နေပြီဖြစ်ပြီး စစ်ရေချိန်မြင့်တက်နေခြင်းကြောင့် စစ်ဘေးရှောင်ရသည့် ပြည်သူအရေအတွက်လည်း တဖြည်းဖြည်း များပြားလာနေသည်။



















