Home သတင်း ညောင်လေးပင်ခရိုင်တွင် စစ်မှုထမ်းပေါ်တာ တကျော့ပြန်လုပ်လာ

ညောင်လေးပင်ခရိုင်တွင် စစ်မှုထမ်းပေါ်တာ တကျော့ပြန်လုပ်လာ

483
Photo: Social Media

ဖေဖော်ဝါရီ ၁၉ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၃)/ခလယ်လွီထူ(ညောင်လေးပင်)ခရိုင်တွင် ယခုဖေဖော်ဝါရီလအတွင်း စစ်အုပ်စုက စစ်မှုထမ်းဆောင်ရန် အတင်းအကြပ်ခိုင်းစေ ပေါ်တာဆွဲမှုများ တကျော့ပြန်လုပ်လာ၍ မြို့ပေါ်သို့အသွားအလာမလုပ်ရဲကြကြောင်း ဒေသခံများထံမှသိရသည်။

ညောင်လေးပင်ခရိုင်တွင် စစ်မှုထမ်းဥပဒေစတင်အသက်မဝင်ခင် ၂၀၂၃ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ စစ်အုပ်စု ကောင်းစွာထိန်းချုပ်ထားနိုင်သော မြို့ပေါ်နေရာများတွင် စစ်မှုထမ်းရန်ပေါ်တာဆွဲမှုများ ရှိခဲ့ကြောင်း ကေအဲန်ယူ၏မြို့နယ်အုပ်ချုပ်ရေးပိုင်းနှင့်ဒေသခံများက ပြောဆိုမှုရှိခဲ့သည်။

ယခုနှစ် ဖေဖော်ဝါရီလအတွင်း ပိန်းဇလုပ်မြို့နေ အမျိုးသား(၁)ဦးကို စစ်အုပ်စုက စစ်မှုထမ်းရန် အိမ်တိုင်ရာရောက်ခေါ်ဆောင်သွားသလို ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်သွားလာသည့် နယ်ခံအမျိုး သားလူငယ်တစ်ဦးလည်း ပေါ်တာဆွဲခံလိုက်ရသည်ဟု မိသားစုနှင့်နီးစပ်ရာကဆိုသည်။

“အဲဒီကောင်လေးက ဆိုင်ကယ်နဲ့ပြွန်တန်ဆာကိုသွားရင်းနဲ့လမ်းပေါ်မှာဆွဲခံရတာ။ သူ့အလုပ်က သူဌေးကပြန်လိုက်ပေးတယ် ဗိုလ်တွေဘာတွေနဲ့သိလို့၊ အဲဒါတောင်မရဘူး။ ပိန်းဇလုပ်ကလူငယ်ကျတော့ အိမ်ပေါ်အထိတက်ဆွဲသွားတာ ဘာမှမလုပ်လိုက်နိုင်ဘူး။” ဟု နှစ်ဖက်မိသားစုနှင့်နီးစပ်သည့် ဒေသခံအမျိုးသားက ပြောသည်။

ကေအဲန်ယူထိန်းချုပ်မှုအတွင်း မုန်း၊ ကျောက်ကြီး၊ ရွှေကျင်မြို့နယ်ရှိ ကျေးရွာပိုင်းသည် စစ်အုပ်စု ထိန်းချုပ်လှုပ်ရှားမှုကောင်းစွာမလုပ်နိုင်သည့် နေရာများဖြစ်သည်။ သို့ရာတွင် ဒေသခံများ ကုန်သွယ်၊ လူမှုသွားလာရေးအတွက် အသုံးပြုနေရသည့် ရွာချင်းမြို့ချင်းဆက်လမ်းနေရာများတွင် စစ်အုပ်စုအထိုင်ဂိတ်စခန်းများရှိနေသည်။

ထိုဂိတ်များကလည်း ရွာမှမြို့ပေါ်လာသည့်ဒေသခံများကိုဖမ်းဆီးပြီး စစ်မှုထမ်းခိုင်းစေမှု လုပ်ဆောင်ခဲ့ဖူးကြောင်း ညောင်လေးပင်ခရိုင် ကေအဲန်ယူက ထုတ်ပြန်ချက် ဆက်စပ်ဖော်ပြခဲ့သည်။ ယခုတခေါက် တကျော့ပြန်ဖြစ်လာသည့် စစ်မှုထမ်းပြဿနာကြောင့် ကျေးလက်မှမြို့ပေါ်သို့ အသွားအလာမလုပ်ရဲတော့ဟု နယ်ခံအချို့က ဆိုသည်။

နတ်သံကွင်းမြို့ဇာတိ စစ်ရှောင်အမျိုးသားက “တောဘက်ကျတော့ သူတို့လိုက်လုပ်လို့မလွယ်ဘူး၊ မြို့ပေါ်မှာအဓိကဖြစ်တာ။ ကျနော့်သားတွေတောင် မြို့ပေါ်တက်ခိုင်းစရာကိစ္စရှိတာ မသွားခိုင်းရဲတော့ဘူး” ဟု ကေအိုင်စီသို့ ပြောသည်။

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ(၁၀)ရက်မှ တရားဝင်စတင်လိုက်သည့် စစ်မှုထမ်းအပတ်စဥ်သင်တန်းခေါ်ယူမှုမှာ ယခုနှစ် ဖေဖော်ဝါရီတွင် အပတ်စဥ်(၂၂)သို့ရောက်ရှိခဲ့ပြီးဖြစ်သည်။ ၂၀၂၃ ခုနှစ်မှ ၂၀၂၅ ခုနှစ် အထိ ညောင်လေးပင်ခရိုင်၊ ဆောထိ(ရွှေကျင်)မြို့နယ်တစ်ခုတည်းအားဖြင့်မူ စစ်မှုထမ်းအတင်းအကြပ် စုဆောင်းခံရသူ ရာနှင့်ချီရှိခဲ့ကြောင်း ကေအဲန်ယူထံမှ သိရသည်။

ဒေသတွင်းသတင်းအရင်းအမြစ်များအရ ပဲခူးတိုင်းအပါအဝင် မွန်ပြည်နယ်၊ တနင်္သာရီ တိုင်းဒေသကြီးတို့တွင်လည်း စစ်အုပ်စုက စစ်မှုထမ်းရန် ပုံစံအမျိုးမျိုးဖြင့်လူစုဆောင်းခြင်းကို ခပ်စိပ်စိပ်ပြန်လုပ်လာသည်။