ဖေဖော်ဝါရီ ၁၆ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့တောင်ဘက် မင်းလက်ပံကျေးရွာနှင့် ဖလူးလေးကျေးရွာ တိုက်ပွဲအတွင်းမှ ယနေ့ ဖေဖော်ဝါရီ ၁၆ ရက်တွင် စစ်အုပ်စုတပ် လွှတ်တင်လိုက်သော အသေခံဒရုန်းတစ်စင်း ထိုင်းနိုင်ငံ မဲ့ကိုကင်းရွာ ဘက်ကို နယ်ကျော်ကျရောက်လာသည့်အတွက် ထိုင်းတော်ဝင်စစ်တပ်က အရေးပေါ်အခြေအနေတပ်လှန့်ပြီး မြန်မာနိုင်ငံဘက်က တိုက်ပွဲကို စောင့်ကြည့်ကင်းလှည့်နေကြောင်း သိရသည်။
မင်းလက်ပံကျေးရွာနှင့် ဖလူးလေးကျေးရွာဘက်ရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA မဟာမိတ်ပူးပေါင်းတပ်များကို စစ်အုပ်စုတပ်က အသေခံဒရုန်းများ အသုံးပြုတိုက်ခိုက်နေသည့် ယနေ့ နံနက်ပိုင်းတွင် မဲ့ကိုကင်းရွာ ခြံဝင်းတစ်ခုအတွင်း ဒရုန်းတစ်စင်း ပျက်ကျခဲ့ကြောင်း ထိုင်းသတင်းများက ဖော်ပြထားသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး ထိုင်းအာဏာပိုင်များနှင့် နီးစပ်သည့် စကားပြန်သတင်းအရင်းအမြစ်က “အိမ်ဘေးနားကို ပျက်ကျလို့ တော်သေးတယ်။ အိမ်ပေါ်သာ ကျရင်တော့ မိသားစုတွေ ထိကုန်မယ်။ အခု ထိုင်းစစ်တပ်က ဒရုန်းတွေကို စောင့်ကြည့်ဖို့ စက်ပစ္စည်းဂျမ်မာများပါ ကင်းလှည့်နေတယ်။ အခု မနက်ပိုင်းလည်း မြန်မာဘက်ကမ်းမှာ တိုက်ပွဲ ဖြစ်နေတုန်းပဲ” ဟု ပြောသည်။
ထို့အပြင် ဖေဖော်ဝါရီလ ၁၃ ရက်မှ ၁၅ ရက်နေ့အထိ မြန်မာဘက်ကမ်း နှစ်ဖက်တိုက်ပွဲအတွင်းမှ သေနတ်ကျည်များ မဲ့ကိုကင်း ကျေးရွာနေအိမ်များကို နေ့စဉ်ထိမှန်မှုရှိနေပြီး လူထိခိုက်ခြင်းမျိုး မရှိသေးကြောင်း၊ ထိုင်းနယ်ခြားစောင့်စစ်တပ်မှ ကျေးရွာတွင်း နေထိုင်သူများအား နေရာရွှေ့ပြောင်း နေထိုင်ကြရန် သတိပေးခြင်းနှင့် စားသောက်စရာ ဝေငှခြင်းများ လုပ်ဆောင်ထားကြောင်း သိရသည်။

ဖလူးကျေးရွာနှင့် မင်းလက်ပံကျေးရွာအတွင်းသို့ စစ်အုပ်စုမှ လွှတ်တင်တိုက်ခိုက်သည့် (ကာမီကာဇေ) အသေခံဒရုန်းများသည် ဖေဖော်ဝါရီ ၁၄ ရက်က ကျေးရွာသားများစစ်ဘေးရှောင်ရာသို့ နေရာရွှေ့ပြောင်းပေးနေသည့် ကားနောက်သို့ လိုက်လံတိုက်ခိုက်ခံရမှု ပြုလုပ်ခဲ့သေးကြောင်း စစ်ဘေးရှောင် ရိက္ခာကူညီသည့် အမျိုးသမီးတစ်ဦးက ပြောသည်။
ယခု ဖေဖော်ဝါရီလအတွင်း စစ်အုပ်စုက ဒရုန်းအစင်းရေ ရာချီ အသုံးပြုပြီး အသေခံဒရုန်းများဖြင့် တိုက်ခိုက်နေမှုကြောင့် KNLA တပ်ဖွဲ့ မဟာမိတ်ပူးပေါင်းတပ်ဘက်တွင် ထိခိုက်ကျဆုံးသူ ၅ ဦးထက်မနည်း ရှိနေကြောင်း KNLA တပ်ဖွဲ့ ရှေ့တန်းသတင်းအရင်းအမြစ်များ ပြောဆိုချက်အရ သိရသည်။
လက်ရှိ စစ်အုပ်စုတပ်သည် မြဝတီမြို့တောင်းဘက် ကျေးရွာများကို ထိန်းချုပ်ထားသည့် KNLA မဟာမိတ်တပ်များအား အပြီးသတ် နယ်မြေရှင်းလင်းချေမှုန်းတိုက်ခိုက်ရန်နှင့် အာရှလမ်း မသစ်နေရာအား ကုန်သွယ်ရေး လမ်းကြောင်း ပြန်လည်သွားလာနိုင်ရန် အဓိကထား စစ်ဆင်တိုက်ခိုက် နေခြင်းဖြစ်ကြောင်း မြဝတီမြို့ စစ်အုပ်စုနှင့် နီးစပ်သည့် သတင်းအရင်းအမြစ်က ပြောသည်။



















