Home သတင်း မယ်လဒုက္ခသည်စခန်းတွင် လူနေအိမ်(၂)လုံး မီးလောင်မှုဖြစ်ပွား

မယ်လဒုက္ခသည်စခန်းတွင် လူနေအိမ်(၂)လုံး မီးလောင်မှုဖြစ်ပွား

512
Photo: CJ

ဖေဖော်ဝါရီ (၁၄) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ်ရှိ၊ မယ်လဒုက္ခသည်စခန်းတွင် ယနေ့ ဖေဖော်ဝါရီ(၁၄)ရက်၊ မနက်(၈)နာရီမှမနက်(၉)နာရီဝန်းကျင်ကြား၊ နှစ်ဆယ်မိနစ်ကြာ လူနေအိမ်(၂)လုံးမီးလောင်မှုဖြစ်ပွားပြီး ပျက်စီးဆုံးရှုံးမှုများပြားကြောင်း စခန်းတာဝန်ရှိသူထံမှ သိရသည်။

မယ်လဒုက္ခသည်စခန်း၊ ဇုန်-ဘီ၊ ၃-အေ ရပ်ကွက်၊ အိမ်အမှတ်(၆၁)မှ စတင်လောင်ကျွမ်းသောမီးကြောင့် ထိုအိမ်အပါအဝင် အနီးရှိ ဒုက္ခသည်နေအိမ်တစ်လုံး မီးလောင်ပြာကျခဲ့သည်။ အိမ်အသုံးအဆောင်စ္စည်းများအပြင် UN က ထုတ်ပေးထားသည့် ဒုက္ခသည်ဆိုင်ရာအထောက်အထားစာရွက်စာတမ်းများလည်း မီးကြောင့်ပျက်စီးဆုံးရှုံးသွားသည်ဟု တာဝန်ရှိသူကဆိုသည်။

“မီးစလောင်တဲ့အိမ်ကလူတွေက အသုဘအိမ်သွားနေတာ။ အိမ်မှာလူမရှိဘူး။ အပြင်မသွားခင် အိမ်ကိုသေချာစစ်သွားတယ်ပြောတာပဲ။ သူ့အိမ်မှာစဖြစ်တာ လူလည်းမရှိဘူးဆိုတော့ ဆေးလိပ်မီးကြောင့်လား၊ ဘာလား မသိရဘူး။ အိမ်နှစ်လုံးလုံးကဘာမှမကျန်တော့အောင်ဖြစ်သွားတယ်” ဟု မယ်လစခန်းတွင် အထွေထွေကိစ္စတာဝန်ယူထားသူက ပြောသည်။

နေအိမ်(၂)ခုလုံး ပျက်စီးဆုံးရှုံးမှုများပြားသည်မှလွဲ၍ ထိခိုက်ဒဏ်ရာရသူမရှိကြောင်းလည်း ၎င်းကဆိုသည်။

တာဝန်ရှိသူများအနေဖြင့် ထိုင်းတာဝန်ရှိသူများနှင့်ပူးပေါင်းပြီး ဒုက္ခသည်စခန်းအတွင်း နွေရာသီမီးဘေးအန္တရာယ် သတိထားကြရန် လိုက်လံအသိပေးနှိုးဆော်မှုနှင့် အသိပညာပေးလုပ်ငန်းအစီအစဥ်များ ပုံမှန်ဆောင်ရွက်လေ့ရှိကြောင်း မယ်လဒုက္ခသည်စခန်းတွင် သဘာဝဘေးအန္တရာယ် သတိပေးလှုပ်ရှားမှုတာဝန်ယူထားသူထံမှ သိရသည်။

ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်၊ ထာ့ဆောင်ယန်းမြို့နယ်ထဲရှိသည့် မယ်လဒုက္ခသည်စခန်းတွင် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ(၁)ရက်နေ့ကလည်း အမှိုက်ပုံမှမီးထလောင်ပြီး ဒုက္ခသည်နေအိမ်(၂)လုံး ပျက်စီးဆုံးရှုံးမှုဖြစ်ပွားခဲ့သေးသည်။