ဖေဖော်ဝါရီ ၁၇ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၆) /ဒူးပလာယာခရိုင်၊ ဝင်းရေးမြို့နယ်ရှိ သံဖြူဇရပ်-ဘုရားသုံးဆူလမ်းပိုင်းကို စစ်အုပ်စုမှ စိုးမိုးထိန်းချုပ်နိုင်ရန်အတွက် ထိုလမ်းပိုင်း တစ်လျှောက်တွင် ကင်းပုန်းများ ချထားလျက်ရှိသည်ဟု ဒေသခံထံမှ သိရသည်။
ယခင်နှစ် ဒီဇင်ဘာလမှစ၍ ယခုအချိန်ထိ တညင်၊ လွတ်ရှမ်း၊ မယ်ကလု၊ နှင့် အနန်းကွင်း စသည့် ကျေးရွာ လမ်းမကြီးပေါ်တွင် စစ်အုပ်စုတပ်ဖွဲ့က လမ်းကင်းများအပြင် ကင်းပုန်းများ ချထားခြင်းဖြစ်ပြီး တစ်နေရာတွင် တပ်ဖွဲ့ဝင် ၃၀ ဦးခန့် ပုံမှန်ချထားလျက်ရှိသည်ဟု ဒေသခံများက ပြောသည်။
“ရွေးကောက်ပွဲမတိုင်ခင်ကတည်းက အဲဒီလမ်းပေါ်မှာသူတို့လမ်းကင်းချလာတာ။ လွတ်ရှမ်းဆိုရင်လည်း ရွာထဲ သူတို့ပြန်မဝင်ဘူး။ အဲဒီလမ်းဘေးမှာပဲ ဟိုတစ်စုဒီတစ်စု ကင်းချထားတာ။ ကင်းချထားတော့ လူထုတွေ သွားလာလို့အဆင်မပြေဘူး”ဟု ဒေသခံအမျိုးသားတစ်ဦးက ကေအိုင်စီသို့ ပြောသည်။
အဆိုပါ လမ်းမကြီးတစ်လျှောက် လမ်းကင်းများ ချထားသည့်အတွက် ဒေသခံများ ဖြတ်သန်း သွားလာသည့် အခါတွင် သတိနှင့် သွားလာနေရသလို စစ်ဆေးမေးမြန်းမှုများလည်း အလျင်းသင့်သလို ကြုံတွေ့ရကြောင်း ပြောသည်။
ထို့အပြင် ရဲတံခွန်(ဂျပန်ကုန်း) စစ်စခန်းရှိ စစ်အုပ်စုတပ်စခန်းမှ ဘုရားသုံးဆူလမ်းပိုင်းကို စစ်ကြောင်း ထိုးရန် ပြင်ဆင်လျက်ရှိသည်ဟု နယ်မြေခံ စစ်ရေးသတင်းအရင်းအမြစ်က ပြောသည်။
သို့သော် အဆိုပါ စစ်ကြောင်းသည် ဘုရားသုံးဆူမြို့အထိ တက်ရောက်နိုင်မည်မဟုတ်ကြောင်း မြို့ကို ထိန်းချုပ်ထားသည့် ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်(DKBA) အဖွဲ့ အမှတ်(၂)စစ်ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးကြီးစောအေဝမ်းက ပြောသည်။
“ဒီလတွေက စစ်တပ်က ပုံမှန်ရိက္ခာပို့တဲ့လဖြစ်တယ်။ ဘုရားသုံးဆူအထိ သူတို့တက်လာနိုင်ဖို့က မလွယ်လောက်သေးပါဘူး။ ကျနော်ထင်တာက ရဲတံခွန်ကနေ ဒီအနန်းကွင်းဗျူဟာကို သူတို့အင်အားဖြည့်ဖို့ အရင်လုပ်ဆောင်တယ်။ ဒါပေမယ့် အဲဒါလည်း သူတို့မလုပ် ဆောင်နိုင်သေးပါဘူး”ဟု ဗိုလ်မှူးကြီးစောအေဝမ်းက ကေအိုင်စီသို့ ပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီလတွင်လည်း အဆိုပါ တညင်စစ်အုပ်စုတပ်စခန်းမှ ထွက်ပြေးလွတ်မြောက်ခဲ့သည့် စစ်အုပ်စု တပ်ဖွဲ့ဝင်နှစ်ဦးသည် ဒေသခံ အမျိုးသမီး နှစ်ဦးကို အဓမ္မပြုကျင့်မှု ကျူးလွန်သည့်အပြင် ဆိုင်ကယ်နှင့် ငွေသားအချို့ကိုလည်း ခိုးယူထွက်ပြေးသွားခဲ့သေးသည်ဟု ဒေသခံများက ပြောသည်။



















