Home သတင်း ထိုင်းနှင့်မြန်မာ ပို့ကုန်-သွင်းကုန်များ အဖမ်းအဆီးများလာပြီး ကုန်ပစ္စည်းပြတ်လပ်

ထိုင်းနှင့်မြန်မာ ပို့ကုန်-သွင်းကုန်များ အဖမ်းအဆီးများလာပြီး ကုန်ပစ္စည်းပြတ်လပ်

468
Photo: CJ

ဖေဖော်ဝါရီ (၁၄) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

မြဝတီ-မဲဆောက် ကုန်သွယ်ရေးလမ်းကြောင်းမှ ထိုင်းနှင့်မြန်မာသို့ သွင်းကုန်-ပို့ကုန်များကို ယခု ဖေဖော်ဝါရီလအတွင်း ရန်ကုန်-မွန်-ကရင်လမ်းပိုင်းပေါ်ရှိ စစ်အုပ်စုစစ်ဆေးရေးဂိတ်များမှ ဖမ်းဆီးသိမ်းဆည်းမှုများလာ၍ နှစ်ဖက်ကုန်ပစ္စည်းများပြတ်လပ်မှုရှိနေကြောင်း ကုန်သည်နှင့်ခရီးသွားလာရေး သတင်းအရင်းအမြစ်မှ သိရသည်။

မြန်မာပြည်တွင်းမှထိုင်းသို့ပို့ကုန်များကို ရန်ကုန်-မော်လမြိုင်-သထုံ လမ်းပိုင်းနှင့် ဖားအံ-မြဝတီလမ်းပိုင်းမှ စစ်အုပ်စုကဖမ်းဆီးခြင်း၊ ကရင်နယ်ခြားစောင့်တပ်-BGF နှင့် အပစ်ရပ်ကရင်လက်နက်ကိုင်အဖွဲ့ ဂိတ်နေရာများမှ ကုန်စည်တင်ဆောင်ခအခွန် အဆမတန်တောင်းခံခြင်းတို့ကြောင့် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် မြန်မာထုတ်ကုန်များပြတ်သလောက်ဖြစ်နေသည်ဟု မဲဆောက်ဈေးကြီးတွင်ကုန်ခြောက်ရောင်းချသူတစ်ဦးက ပြောသည်။

“မဲ‌ဆောက်ကို မြန်မာပစ္စည်းတွေမဝင်တာ နှစ်ပတ်လောက်ရှိနေပြီ။ မြန်မာဘက်မှာတိုက်ပွဲတွေပိုဖြစ်လာတာရယ် အဖမ်းအဆီးများတာရယ် လမ်းအဖွဲ့အစည်းဂိတ်တွေကယူချပြီး သိမ်းပစ်လိုက်တာမျိုးတွေများလာတော့ တွက်ခြေမကိုက်တော့လို့ထင်တယ်။ ကယ်ရီ‌တွေ ပစ္စည်းမသယ်ကြတော့ မဲဆောက်မှာမြန်မာပစ္စည်းတွေပြတ်လာတယ်” ဟု အဆိုပါကုန်ရောင်းချသူက ပြောသည်။

ထို့အပြင် ထိုင်းနိုင်ငံထုတ် လူသုံးကုန်၊ စားသောက်ကုန်၊ ယမကာနှင့် အလှကုန်ပစ္စည်းများကို တရားမဝင်သယ်ဆောင်လာသည့်သွင်းကုန်အဖြစ် မြန်မာပြည်ဘက်တွင် အလားတူဖမ်းဆီးသိမ်းဆည်းနေ၍ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်အတွင်း ထိုင်းကုန်စည်ပြတ်လပ်နေကြောင်း ဒေသခံမော်တော်ယာဥ်မောင်း အသိုင်းအဝိုင်းက ဆိုသည်။

ဖားအံ-မြဝတီယာဥ်မောင်းတစ်ဦးက “တစ်ပိုင်တစ်နိုင် ထိုင်းပစ္စည်းသယ်တဲ့အိမ်စီးကားတွေတောင် ကားရော၊ လူရော၊ ပစ္စည်းရောအကုန် စစ်တပ်ကဖမ်းတယ်။ ဒဏ်ငွေဆောင်ပြီးပြန်ရွေးလည်း ကားအပိုပစ္စည်းတွေခိုးခံရ၊ ကုန်တွေပါပြန်မရဆိုတော့ ကုန်တင်မောင်းတာမျိုးမလုပ်ကြတော့ဘူး။ ခရီးသယ်တင်ရင်တောင်မှ သူ့မှာထိုင်းပစ္စည်းပါလို့ဖမ်းရင် သူ့ကိစ္စနဲ့သူပဲ” ဟု ကေအိုင်စီကိုပြောသည်။

မဲဆောက်ဈေးကွက်တွင် အလွယ်တကူရတတ်သည့် မြန်မာနိုင်ငံထွက်ကုန် တိုင်းရင်းဆေးဝါးများ၊ ဆေးလိပ်မျိုးစုံ၊ ကွမ်းယာပစ္စည်းမျိုးစုံ၊ အသင့်စားဟင်းထုတ်၊ မုန့်ထုတ်များ ပုံမှန်လမ်းကြောင်းမှ ပစ္စည်းဝင်မလာတော့သောကြောင့် ပြတ်လပ်သည်အထိဖြစ်နေသည်။

ထို့အတူ ထိုင်းမှမြန်မာ၊ မြန်မာမှထိုင်းသို့ ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေးလုပ်ကိုင်သည့် အမြန်ချောပို့လုပ်ငန်းအချို့လည်း မြန်မာပြည်ဘက်တွင် ဖမ်းဆီးသိမ်းဆည်းခံရမှုများနေ၍ ခေတ္တလုပ်ငန်းရပ်ဆိုင်းထားရသည်အထိ ရှိနေကြောင်း လုပ်ငန်းရှင်တချို့ကဆိုသည်။