Home သတင်း ထိုင်းနိုင်ငံ၊ ရယောင်းတွင် ခွေးရူးပြန်ရောဂါပိုးကြောင့်သေဆုံးသူ မြန်မာနိုင်ငံသားဖြစ်နေ

ထိုင်းနိုင်ငံ၊ ရယောင်းတွင် ခွေးရူးပြန်ရောဂါပိုးကြောင့်သေဆုံးသူ မြန်မာနိုင်ငံသားဖြစ်နေ

390
Photo: mothership.sg

ဖေဖော်ဝါရီ (၁၅) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ထိုင်းနိုင်ငံအရှေ့ပိုင်း၊ ရယောင်းခရိုင်တွင် ပြီးခဲ့သည့်ဇန်နဝါရီလ (၂၅)ရက်နေ့က ခွေးရူးပြန်ရောဂါပိုးကြောင့် အသက်(၃၆)နှစ်အရွယ် မြန်မာနိုင်ငံသား အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း ထိုင်းနိုင်ငံရောဂါထိန်းချုပ်‌ဌာန-DDC ၏ ဖေဖော်ဝါရီ(၁၃)ရက်နေ့က အတည်ပြုချက်အရ ထိုင်းမီဒီယာတချို့တွင်ဖော်ပြသည်။

သေဆုံးသူမှာ ဇန်နဝါရီ(၂၃)ရက်နေ့တွင် ရေသောက်သုံးပြီးနောက် အသက်ရှုကြပ်ခြင်း၊ မူးဝေခြင်းရောဂါလက္ခဏာများ စတင်ပြသခဲ့ပြီးရက်ပိုင်းအတွင်း ဇန်နဝါရီ(၂၅)ရက်နေ့တွင် သေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးမှုအကြောင်းအရင်းအား တာဝန်ရှိသူများကစုံစမ်းရာတွင် အဆိုပါအမျိုးသားသည် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလပိုင်းက ပိုင်ရှင်မဲ့ခွေးကိုက်ခံရပြီးနောက် ဒဏ်ရာသန့်ရှင်းရေးလုပ်ခြင်းနှင့် ရောဂါကာကွယ်ဆေးထိုးခြင်းတို့ မလုပ်ဆောင်ခဲ့ခြင်းကြောင့်ဟု ဆိုသည်။

The Nation Thailand ၏ဖော်ပြချက်အရ ရောဂါပိုးရှိသည့်တိရစ္ဆာန်များကို အထူးသဖြင့် ထိုင်းနိုင်ငံအရှေ့ပိုင်း၊ တောင်ပိုင်းနှင့်အရှေ့မြောက်ပိုင်းတို့တွင် အတွေ့များပြီး ၂၀၂၅ ခုနှစ်အတွင်းကပင် တာ့ခ်ခရိုင်အပါအဝင် ခရိုင်(၆)ခု၌ ခွေးရူးပြန်ရောဂါပိုးကြောင့်သေဆုံးမှု(၇)ကြိမ်ဖြစ်ပွားခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့်ရက်ပိုင်းတွင်လည်း တာ့ခ်ခရိုင် မဲဆောက်မြို့နယ်၊ ဆန်တွန်ပင်ရပ်ကွက်၌ ခွေးရူးပြန်ရောဂါပိုးတွေ့ရှိသည်ဆိုကာ ရပ်ကွက်(၆)ခုကို တစ်လအကြာ တိရစ္ဆာန်ကူးဆက်ရောဂါဇုန်သတ်မှတ်ပြီး တိရစ္ဆာန်များကိုပြောင်းရွှေ့ခြင်း၊ တစ်ကောင်မကသေဆုံးလျှင် သက်ဆိုင်ရာသို့အကြောင်းကြားခြင်း ပြုလုပ်ရန် မြို့နယ်အုပ်ချုပ်ရေးရုံးကအရေးပေါ်ကြေညာခဲ့သည်။

တိရစ္ဆာန်မှလူသို့ ကူးစက်တတ်သောရောဂါပိုးကြောင့် သေဆုံးသူအများစုသည် ဒဏ်ရာရရှိမှုအပေါ် နားလည်တက်ကျွမ်းသည့်ဆရာဝန်နှင့်ပြသ၍ ကျန်းမာရေးစောင့်ရှောက်မှုမခံယူခြင်းကြောင့်ဖြစ်ပြီး အသက်မဆုံးရှုံးလိုပါက ကာကွယ်ဆေးထိုးကြရန် ထိုင်းနိုင်ငံရောဂါထိန်းချုပ်ရေးဌာန-DDC က သတိပေးသည်။