Home သတင်း ကျောက်ကြီးမြို့နယ်ရှိ အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခံရသူ ၉ ဦး KNDO ထံ ဘက်ပြောင်းခိုလှုံ

ကျောက်ကြီးမြို့နယ်ရှိ အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခံရသူ ၉ ဦး KNDO ထံ ဘက်ပြောင်းခိုလှုံ

349
Photo: KNU

ဖေဖော်ဝါရီ ၁၇ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ခလယ်လွီထူ (ညောင်လေးပင်)ခရိုင်၊ လယ်ဒို (ကျောက်ကြီး) မြို့နယ်ရှိ အာဏာသိမ်းစစ်တပ် လက်အောက်ခံ တပ်ရင်း (၅) ရင်းမှ စစ်မှုထမ်းရန်အတင်းအကြပ်ခိုင်း‌ စေခံရသူ (၉) ဦးသည် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့- KNDO ထံသို့ ဘက်ပြောင်းခိုလှုံလာသည်ဟု သိရသည်။

အဆိုပါ စစ်အုပ်စု တပ်ဖွဲ့ဝင်(၉)ဦးသည် တပ်မဟာ (၃) နယ်မြေအတွင်း အ‌ခြေချလှုပ်ရှားသည့် စစ်တပ် ခြေလျင်တပ်ရင်း ခလရ−၄၃၉၊ ခလရ-၅၉၈၊ ခလရ-၃၅၁ နှင့် ခြေမြန်တပ်ရင်း ခမရ-၅၃ တပ်ရင်းတို့သည့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့က KNDO တပ်ရင်းထံ ဘက်ပြောင်းခိုလှုံခဲ့ခြင်းဖြစ်ကြောင်း ကေအဲန်ယူက ယမန်နေ့ (ဖေဖော်ဝါရီလ ၁၆ ရက်) တွင် သတင်းထုတ်ပြန်ထားသည်။

အသက်(၂၀)မှ(၄၀)ဝန်းကျင်ကြားရှိ ကျော်ဇေယျ၊ သက်ပိုင်စိုး၊ စောကာဘီ၊ မင်းထက်၊ အောင်စိုးဝင်း၊ ကိုမျိုး၊ ဝင်းမြထူး၊ အာကာကျော်ဝင်း နှင့် အောင်မင်းစိုး အမည်ရှိ စစ်သားစုဆောင်းခံရသူ (၇) ဦးသည် ၎င်းတို့ ဆန္ဒမပါဘဲ စစ်အုပ်စုတပ်မှ အဓမ္မ စစ်မှုထမ်းခိုင်းစေခံခဲ့ရသည့် တပ်သားများ ဖြစ်သည်ဟု KNU ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ခိုလှုံလာသည့် တပ်ဖွဲ့ဝင် ၉ ဦးအား KNLA တပ်မဟာ(၃) တပ်ရင်း(၈)အနေဖြင့် အဖွဲ့အစည်း၏ စည်းမျဥ်းဥပဒေများအတိုင်း ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားသည်ဟုလည်း ထုတ်ပြန်ထားသည်။

Photo: KNU

အလားတူ ပြီးခဲ့သည့် ဇန်နဝါရီလ ၁၈ ရက်နေ့တွင် စစ်အုပ်စုခြေလျှင်တပ်ရင်း (ခလရ−၅၃) မှ တပ်သား ၇ ဦး KNDO တပ်ရင်း(၃) ထံသို့ ဘက်ပြောင်းခိုလှုံခဲ့သေးသည်။

အဆိုပါ တပ်သား ၇ ဦးသည် စစ်တပ်က အတင်းအဓမ္မ စစ်သားစုဆောင်းခံရပြီးနောက် အတင်းအကြပ် စစ်မှုထမ်းခိုင်းစေခံရသည့် တပ်သားသစ်များ ဖြစ်ကြောင်း KNU တပ်မဟာ(၃) ညောင်လေးပင်ခရိုင်မှ ထုတ်ပြန်ထားသည်။

စစ်အုပ်စုတပ် ၏ အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခြင်းခံရသည့် တပ်သားများအနေဖြင့် KNUနှင့် နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့များထံသို့ လက်နက်ချ အလင်းဝင်ကြရန် KNUမှ ထပ်မံ တိုက်တွန်းထားသည်။