Home သတင်း ၂၀၂၅ ခုနှစ်အတွင်း ကေအဲန်ယူနယ်မြေ၌ စစ်တပ်စခန်း ၁၇ လုံး လက်လွတ်ဆုံးရှုံး၊ စစ်အုပ်စုတပ်သား ၁,၉၀၀ကျော် သေဆုံးခဲ့

၂၀၂၅ ခုနှစ်အတွင်း ကေအဲန်ယူနယ်မြေ၌ စစ်တပ်စခန်း ၁၇ လုံး လက်လွတ်ဆုံးရှုံး၊ စစ်အုပ်စုတပ်သား ၁,၉၀၀ကျော် သေဆုံးခဲ့

422

ဇန်နဝါရီ ၃၁ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်တွင် ကေအဲန်ယူ -ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်သည့် နယ်မြေ၌ ဝင်ရောက်တပ်စွဲနေထိုင်သည့် စစ်အုပ်စု စခန်းပေါင်း (၁၇) လုံးကို ပြန်လည်သိမ်းပိုက်ရှင်းလင်းနိုင်ခဲ့ပြီး စစ်အုပ်စု တပ်ဖွဲ့ဝင် (၁,၉၀၀)ကျော် သေဆုံးခဲ့သည်ဟု ဇန်နဝါရီလ ၃၀ ရက်နေ့တွင် ထုတ်ပြန်သည့် ကေအဲန်ယူ၏ နှစ်ချုပ်စာရင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကေအဲန်ယူ ထိန်းချုပ်နယ်မြေအတွင်း ဝင်ရောက်တပ်စွဲသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (K.N.L.A)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်မတော် (K.N.D.O) ဦးဆောင်မှုအောက်ရှိ တော်လှန်ရေး ပူးပေါင်းတပ်များအကြား တိုက်ပွဲကြီး၊ တိုက်ပွဲငယ် ပေါင်း (၂,၃၀၅) ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်အုပ်စုတပ်ဖွဲ့ဝင် (၁,၉၇၄) ဦး သေဆုံးကာ (၁,၆၅၅) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုသေဆုံးသူများအနက် တပ်ရင်းမှူး (၂) ဦး၊ ဒုရင်းမှူး (၂) ဦး၊ G-3 တစ်ဦးနှင့် တပ်ခွဲမှူး (၃) ဦး ပါဝင်ပြီး ထောက်ပို့ယာဉ် (၄၂) စီးကိုလည်း ဖျက်ဆီးနိုင်ခဲ့သည့်အပြင် ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် အတင်း အဓမ္မ စုဆောင်းခံရသည့် စစ်အုပ်စု တပ်ဖွဲ့ဝင် (၂၁၄) ဦးလည်း လက်နက်ချခဲ့ကြောင်း ကေအဲန်ယူက ထုတ်ပြန်ထားသည်။

အဆိုပါ ရင်ဆိုင်တိုက်ပွဲများကြောင့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (K.N.L.A) နှင့် ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) တို့၏ ဦးဆောင်မှုအောက်ရှိ တော်လှန်ရေး တပ်ဖွဲ့များဘက်မှ ရဲဘော် (၁၀၈) ဦး ကျဆုံးပြီး (၃၈၀) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်းလည်း ကေအဲန်ယူ၏ စာရင်းတွင် ဖော်ပြထားသည်။

ပြည်သူ့လွတ်လပ်မှုနှင့် အနာဂတ်များကို ကာကွယ်ရန် မလျှော့သော ဇွဲလုံ့လဖြင့် တိုက်ပွဲဝင်ခဲ့သည့် သူရဲကောင်းများအားလုံးကို အသိအမှတ်ပြု ဂုဏ်ပြုအပ်ကြောင်းလည်း ထိုထုတ်ပြန်ချက်တွင် ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံးက ဂုဏ်ပြုဖော်ပြထားသည်။

ထို့အပြင် မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းယူခဲ့သည့် ၂၀၂၁ ခုနှစ်မှ စတင်၍ ၂၀၂၅ ခုနှစ်ကုန်အထိ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်သည့် နယ်မြေများအတွင်း သေဆုံးခဲ့သည့် စစ်အုပ်စု တပ်ဖွဲ့ဝင် စုစုပေါင်း (၁၈,၈၆၀) ဦးအထိ ရှိလာပြီဖြစ်ကြောင်း ကေအဲန်ယူ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရှိရသည်။