ဇန်နဝါရီ ၃၁ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မြိတ်-ထားဝယ်ခရိုင်အတွင်းရှိ တော်လှန်ရေးရဲဘော်များနှင့် ဒေသခံပြည်သူများအကြား ယခုရက်ပိုင်းအတွင်း အရေပြားယားနာရောဂါ ပိုမိုအများလာကြောင်း နယ်မြေခံတော်လှန်ရေး သတင်းအရင်းအမြစ်ထံမှ သိရသည်။
အဆိုပါ ယားနာရောဂါခံစားရသူများသည် ခြေထောက်၊ လက်နှင့် ခန္ဓာကိုယ်တွင် အဖုအပိမ့်များထွက်ခြင်း၊ ယားယံခြင်းများ ဖြစ်ပွားပြီး ကျန်းမာရေး ကုသမှုခံယူသော်လည်း ခေတ္တသာ သက်သာပြီး ပြန်လည် ဖြစ်ပွားနေခြင်းကြောင့် ပျောက်ကင်းသည့်အချိန် ရှည်ကြာနေကြောင်း ယား နာရောဂါခံစားနေရသူ ဒေသတွင်းရှိ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။
၎င်းက“ ဖြစ်တာက တစ်နှစ်ကျော်ပြီ။ အစကတော့ ရိုးရိုးယားနာပဲထင်တာ။ အခုက တယောက်လည်း မဟုတ်ဘူး။ လူအယောက်ချင်းစီတိုင်း ဖြစ်တာ။ မဖြစ်တဲ့သူက ခပ်ရှားရှားပဲ။ ဆေးလိမ်းရင် ခဏပျောက်တယ်၊ ပြီးရင် ပြန်ဖြစ်တာပဲ။ အမြစ်ပြတ်သွားတာမျိုး မရှိဘူး” ကေအိုင်စီသို့ ပြောသည်။
လက်ရှိ ကူးစက်လွယ် ယားနာရောဂါဖြစ်ပွားသူများတွင် တော်လှန်ရေး အင်အားစုများအပါအဝင် အရပ်သားဒေသခံများလည်း ပါဝင်နေပြီး မည်သည့်အကြောင်းအရင်းကြောင့် ရောဂါ ဖြစ်ပွား ရခြင်းကိုမူ တိတိကျကျမသိရှိသေးဟု အဆိုပါ ရဲဘော်က ဖြည့်စွက်ပြောသည်။
ဒေသတွင်း ကျန်းမာရေးကူညီပေးနေသူတစ်ဦးက “ အဲဒါက တကိုယ်ရည်သန့်ရှင်းရေးကြောင့်လည်း ဖြစ်နိုင်သလို ရေကြောင့်လည်း ဖြစ်နိုင်တယ်။ တစ်ယောက်ဆီကနေ တစ်ယောက် ကူးစက်တာလည်း ဖြစ်နိုင်တယ်။ အဓိကကတော့ နေထိုင်မှုပုံစံ မကောင်းလို့ ဖြစ်တာပေါ့နော်” ဟု ၎င်းက ပြောသည်။
အဆိုပါ ရောဂါကို တပ်စခန်းအတွင်းရှိ ရဲဘော်များသာမက ကျေးရွာအတွင်းရှိ ကလေးငယ်များနှင့် လူကြီးများပါ ကူးစက်ခံနေရသည်။ အချို့မှာ ရေကျောက်ရောဂါဟု ထင်မြင်နေကြသော်လည်း ရောဂါလက္ခဏာမှာ ပုံမှန်ထက် ကြာရှည်နေသည့်အပြင် လူတိုင်းနီးပါး ကူးစက်ခံနေရခြင်း ဖြစ်သည်ဟု အင်အားစုများနှင့် နီးစပ်သူများက ပြောသည်။
အလားတူ ကရင်နီပြည်(ကယားပြည်နယ် )၊ ရှားတောမြို့နယ် (ဆိုမိုဖေစိုးလေး) ဒေသအတွင်းရှိ စစ်ဘေးရှောင်စခန်းများနှင့် ကျေးရွာများတွင် ကလေးငယ် အများအပြား အရေပြားရောဂါ ပြင်းထန်စွာ ခံစားနေရပြီး ဆေးဝါးနှင့် ကုသမှု အထောက်အကူပစ္စည်းများ အရေးပေါ် လိုအပ်လျက်ရှိကြောင်း ကရင်နီအရေးပေါ် ကယ်ဆယ်ရေးညှိနှိုင်းရေးအဖွဲ့ (CTER-Karenni) အဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသိရသည်။



















