Home သတင်း သဘာဝအလှကို ချစ်မြတ်နိုးသည့် ဝင်းရေးဒေသ ကိုယ်ထူကိုယ်ထကျောင်းသားများ စုပေါင်းအမှိုက်ကောက်

သဘာဝအလှကို ချစ်မြတ်နိုးသည့် ဝင်းရေးဒေသ ကိုယ်ထူကိုယ်ထကျောင်းသားများ စုပေါင်းအမှိုက်ကောက်

404
ဝင်းရော်ဒေသ ကိုယ်ထူကိုယ်ထ ကျောင်းသူ/သားများ

ဇန်နဝါရီ ၃၁ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ဝင်းရေးမြို့နယ်ရှိ ကိုယ်ထူကိုယ်ထကျောင်းမှ ကျောင်းသားလူငယ်များသည် ၎င်းတို့ ဒေသအတွင်းရှိ အထင်ကရနေရာများ သန့်ရှင်းသာယာလှပစေရန်နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိ ပညာပေးရန် ရည်ရွယ်၍ ပြီးခဲ့သည့် ဇန်နဝါရီလ ၂၈ရက်နေ့တွင် စုပေါင်းအမှိုက်ကောက်ခြင်း လုပ်ငန်းများကို လုပ်ဆောင်ခဲ့ကြသည်ဟု သိရသည်။

အဆိုပါ ကျောင်းသူကျောင်းသားများသည် ဒေသတွင်း ခရီးသွားများ စည်ကားရာနေရာများဖြစ်သည့် ဖားပြတောင်ခြေ၊ ဖားပြတောင်ပေါ် နှင့် ကျုံခဝန်ရေတံခွန် တစ်လျှောက်တွင် အစားအစာ အကြွင်းအကျန်များ၊ မုန့်ခွံများနှင့် ပလတ်စတစ်အိတ်အမှိုက်များကို လိုက်လံကောက်ယူရှင်းလင်းခဲ့ခြင်း ဖြစ်သည်။

သဘာဝပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရန်၊ လာရောက်လည်ပတ်သူများ အမှိုက်ကို စည်းကမ်းမဲ့ မစွန့်ပစ်ရန်၊ ဒေသခံများနှင့် ခရီးသွားများအကြား ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာ တိုးတက်စေရန် ရည်ရွယ်ပြီး လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ကျောင်းသူကျောင်းသားများက ပြောသည်။

ထို့အပြင် အမှိုက်ကောက်ယူနေစဉ်အတွင်း ခရီးသွားများကိုလည်း အမှိုက်များကို စနစ်တကျ စွန့်ပစ်ကြရန်နှင့် သဘာဝအလှကို အတူတကွ ထိန်းသိမ်းကြရန် တိုက်တွန်းနှိုးဆော်မှုများ ပြုလုပ်ခဲ့ကြသည်ဟု ပါဝင်သူ ကျောင်းသားတစ်ဦးက ပြောသည်။

ဝင်းရော်ဒေသ ကိုယ်ထူကိုယ်ထ ကျောင်းသူ/သားများ

၎င်းက “ကျနော်တို့ ဒေသရဲ့ အလှအပတွေကို ကျနော်တို့ကိုယ်တိုင် ထိန်းသိမ်းရမှာပါ။ လာလည် တဲ့သူတွေအနေနဲ့လည်း ကိုယ်စားပြီးသား အမှိုက်တွေကို စနစ်တကျ စွန့်ပစ်ပေးကြဖို့ တောင်းဆိုချင်ပါတယ်” ဟု ပြောသည်။

ဖားပြတောင်ခြေ၊ ဖားပြတောင်ပေါ် နှင့် ကျုံခဝန်ရေတံခွန် စသည့် ဒေသတွင်း ခရီးသွား စည်ကား သည့်နေရာ တစ်လျှောက်တွင် လာရောက်လည်ပတ်သူ အပန်းဖြေသူအချို့သည် မိမိတို့စားသောက်ခဲ့ သည့် အစားအစာအကြွင်းအကျန်များ၊ မုန့်ခွံများနှင့် ပလတ်စတစ်အိတ်များကို စနစ်တကျ စွန့်ပစ်ခြင်း မရှိဘဲ သဘာဝပတ်ဝန်းကျင်အတွင်း ဒီအတိုင်း ပစ်ထားခဲ့ကြခြင်းကြောင့် နေရာအနှံ့ အမှိုက်များဖြင့် ရှုပ်ပွနေခဲ့သည်ဟု ဒေသခံများက ပြောသည်။

ထိုသို့ စည်းကမ်းမဲ့ စွန့်ပစ်မှုများကြောင့် ဒေသတွင်း သဘာဝအလှအပများ ပျက်စီးရသည့်အပြင် ရေထုနှင့် မြေထု ညစ်ညမ်းမှုများ ဖြစ်ပေါ်လျက်ရှိသည်ဟုလည်း စုပေါင်းအမှိုက်ကောက်ကြသည့် ကျောင်းသူကျောင်းများက ပြောသည်။
ဓါတ်ပုံ- ဝင်းရော်ဒေသ ကိုယ်ထူကိုယ်ထ ကျောင်းသူ/သားများ