Home သတင်း ဖားအံခရိုင်ရှိ ကရင့်တော်လှန်ရေးနေ့အခမ်းအနား ကေအဲန်ယူဥက္ကဋ္ဌနှင့် လူထု(၁၅၀)ကျော် တက်ရောက်

ဖားအံခရိုင်ရှိ ကရင့်တော်လှန်ရေးနေ့အခမ်းအနား ကေအဲန်ယူဥက္ကဋ္ဌနှင့် လူထု(၁၅၀)ကျော် တက်ရောက်

436

ဇန်နဝါရီ ၃၁ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဖားအံခရိုင်၊ တပ်မဟာ(၇)ထိန်းချုပ်နယ်မြေတွင် ယနေ့ ဇန်နဝါရီ(၃၁)ကျရောက်သော ကရင့်တော်လှန်ရေးနေ့အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ ကေအဲန်ယူဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းအပါအဝင် ဗဟိုကော်မတီဝင်များ၊ စစ်ဘက်ဆိုင်ရာခေါင်းဆောင်များနှင့် ဧည့်ပရိတ်သတ်(၁၅၀)ရာကျော် တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် အစီအစဥ်အရ တက်ရောက်လာသည့် ကေအဲန်ယူ တွဲဘက်အထွေထွေအတွင်းရေးမှူး(၂) ပဒိုစောလှထွန်းမှ အဖွင့်အမှာစကားပြောကြားပြီး သက်ဆိုင်ရာခေါင်းဆောင်များက အနှစ်(၇၀) ကျော်ကရင့်တော်လှန်ရေးနှင့်ပတ်သက်၍ သိသင့်သိထိုက်သောအမှာစကားများကို ဆက်လက်ပြောဆိုသည်။

“ကျနော်တို့က ကိုယ့်လူထုအပေါ် လမ်းစဥ်၊ပေါ်လစီအပေါ်ခိုင်ခိုင်မာမာရပ်တည်တယ်။ အဲဒါကြောင့် ဒီနေ့အထိ တော်လှန်ရေးမပြိုတာ။ ဒါပေမဲ့ မအောင်နိုင်တာ အင်အားကြီးတဲ့ရန်သူကိုအင်အားနည်းတဲ့သူက တိုက်နေရလို့။ ဒါကြောင့်မဟာမိတ်စုရမယ် နည်းဗျူဟာချရမယ် ပျောက်ကြားစနစ်တိုက်ရမယ်။ တကယ်လို အပ်တဲ့နေရာချေမှုန်းရေး။ ဒါမျိုးတွေစနစ်တကျနဲ့ကိုင်တွယ်သွားဖို့လိုတယ်။” ဟု ဝါရင့်တော်လှန်ရေးပုဂ္ဂိုလ် ပဒိုစောသမိန်ထွန်းက ပြောသည်။

ထို့အပြင် အခမ်းအနားတွင် ကေအဲန်ယူအဖွဲ့ဝင် တော်လှန်ရေးခေါင်းဆောင်နှင့်ရဲဘော်အချို့ကို ဂုဏ်ပြုခြင်းအပြင် ၂၀၂၅ ခုနှစ်အတွက် ပဒိုမန်းရှာလူငယ်ခေါင်းဆောင်ဆုရှင် ပဒိုနော်လွဲထူးစေးအား ဆုချီးမြှင့်ခြင်း အစီအစဥ်ကိုလည်း တဆက်တည်း ထည့်သွင်းကျင်းပခဲ့သည်။

“တော်လှန်ရေးကမပြီးဆုံးသေးဘူး ကျမတို့ဆက်ပြီးသွားရမယ့်ခရီးတွေအများကြီးရှိတယ်။ အာဏာရှင်မရှိတော့တဲ့အခါမှာ တော်လှန်ရေးပြီးဆုံးမယ်။ အရွေ့တစ်ခုကိုသွားဖို့ဆိုတာ အားလုံးတူတူပူးပေါင်းသွားရမှာဖြစ်လို့ လူငယ်တွေကိုဖိတ်ခေါ်ချင်တယ်။” ဟု ကေအဲန်ယူတရားရေးဌာနမှူး ပဒိုနော်လွဲထူးစေးက ဆုရကျေးဇူးတင်စကားတွင် ပြောကြားသည်။

ထို့နောက် (၇၇)နှစ်မြောက် ကရင့်တော်လှန်ရေးနေ့သို့ ပေးပို့လာသော ကရင်အမျိုးသမီးအစည်းအရုံး-KWO၊ ကရင်လူငယ်အစည်းအရုံး-KYO
စသည်အဖွဲ့အစည်းများ၏သဝဏ်လွှာများကိုဖတ်ကြားခြင်းအပြင် တက်ရောက်လာသည့် ကရင်လူငယ်များမှလည်း အထိမ်းအမှတ် တေးသီချင်းများဖြင့်သီဆိုဂုဏ်ပြုကြသည်။

အခမ်းအနားအစီအစဥ်ပြုလုပ်ကျင်းပရာသို့ ကေအဲန်ယူဥက္ကဋ္ဌအပြင် ကေအဲန်ယူ-ဗဟို၏တရားသူကြီးချုပ် ပဒိုနော်မြိုင်ဖိုး၊ ဗဟိုသစ်တောဌာနမှူး မန်းဘထွန်းနှင့် KNLA ဗဟိုစစ်ဌာနချုပ် စစ်ဦးစီးပထမတန်း-G1 ဗိုလ်မှူးချုပ်စောတာမလာသောနှင့် ကရင်အမျိုးသားကာကွယ်ရေးတပ်-KNDO စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် စောရှီးလေတို့လည်း တက်ရောက်လာကြသည်။

ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(K.N.D.O)ကို ၁၉၄၉ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ဖဆပလ အစိုးရက တရားမဝင်အဖွဲ့အဖြစ် ကြေညာလိုက်ပြီးနောက် အစိုးရတပ်နှင့် K.N.D.O တို့ အကြား တိုက်ပွဲ များ စတင်ဖြစ်ပေါ်သည့်နေ့ကို အစွဲပြုပြီး ကရင့်တော်လှန်ရေးနေ့အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။