ဇန်နဝါရီ ၂၉ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်သည့် မဲဆောက်မြို့တွင် ဆိုင်ကယ်အခိုးခံရမှု များလာနေသဖြင့် မိမိပိုင်ဆိုင်သည့် ယာဉ်များကို သော့ပိတ်ထားရန် ထိုင်းရဲများမှ ရပ်ကွက်အတွင်း လိုက်လံ သတိပေးလျက်ရှိသည်ဟု သိရသည်။
မဲဆောက်ဧရိယာအတွင်း ဆိုင်ကယ်ခိုးခံရမှု ယခင်ထက် များလာသည့်အတွက် ဆိုင်ကယ်များကို သော့အဆင့်ဆင့် ပိတ်ရန် အာဏာပိုင်ထိုင်းရဲများမှ ပြည်သူများကို ကွင်းဆင်းပြီး လိုက်လံသတိပေးသည့်အပြင် သတိပေး စာစတေကာများကိုလည်း လိုက်လံကပ်ထားပေးခြင်းများ လုပ်ဆောင်ကြသည်။
မဲဆောက်မြို့နေ အမျိုးသမီးတစ်ဦးက “မနေ့က ထိုင်းပုလိပ်တွေ ရပ်ကွက်ထဲ လာပြီး ပြောတယ်။ ဆိုင်ကယ်တွေ သော့သေချာပိတ်ထား၊ ပြီးရင် အရံသော့ သံကြိုးတွေနဲ့ ပိတ်ခိုင်းတယ်။ အခုတလော ဆိုင်ကယ်ပျောက်တာ အရမ်းများတယ်လို့ ပြောတယ်” ဟု ကေအိုင်စီသို့ ပြောသည်။
ထို့အပြင် မဲဆောက်ရဲစခန်းကလည်း ကား၊ ဆိုင်ကယ်များကို စက်သော့သေချာပိတ်ထားရန်၊ အပို သော့တပ်ဆင်ပြီး ချည်နှောင်တွဲဖြင့် ပိတ်ထားရန်၊ ထင်သာမြင်သာ အလင်းရောင်ရှိသည့် နေရာများတွင် ရပ်ထား ရန်နှင့် CCTV ရှိသည့် နေရာများတွင် ရပ်ထားရန်၊ ယာဉ်ရပ်နားစဉ် မဖြစ်မနေ သော့ပိတ်ထားရန် သတိပေးထုတ်ပြန်ထားသည်။

စက်ဘီး၊ ဆိုင်ကယ် သူခိုးများသည် လမ်းပေါ်တွင်သာမက နေအိမ်ဝင်းနှင့် လူနေတန်းလျားများအထိ ဝင်ရောက် ခိုးယူလာကြသည့်အတွက် ထိုင်းရောက် မြန်မာအလုပ်သမားများအနေဖြင့် ရဲတပ်ဖွဲ့၏ သတိပေး လမ်းညွှန်ချက်များအတိုင်း လိုက်နာကြရန် မဲဆောက်အခြေစိုက် မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှု ကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက တိုက်တွန်းသည်။
“စက်ဘီးပျောက်လို့ ထိုင်ငိုတဲ့ ပန်းရံစိုက် အလုပ်သမားတွေ၊ ဆိုင်ကယ်ပျောက်လို့ ထိုင်ငိုတဲ့ အထည်ချုပ် စက်ရုံက ဝန်ထမ်း (အလုပ်သမားခေါင်းဆောင်) တွေကို တွေ့ဖူးတယ်။ ဒီဆိုင်ကယ်၊ စက်ဘီးတွေက သူတို့ သွားလာ ရေးကိရိယာ ဖြစ်ပြီး သူတို့ ဝမ်းစာထဲက စုပြီး ဝယ်ထားတာပါ။ အဲဒါကြောင့် ကိုယ့်ပစ္စည်းတွေကို အလေးနက်ထားပါလို့ ပြောချင်တယ်” ဟု ကေအိုင်စီသို့ ပြောသည်။
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် ယခုလအတွင်း မြန်မာနိုင်ငံသား လိင်စိတ်ခံယူမှု ကွဲပြားသူ (LGBT) တစ်ဦး အသတ်ခံ ရမှုနှင့် ထိုင်းရဲတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရမှု ဖြစ်ပွားပြီးနောက် ဒေသအာဏာပိုင်များမှ ရပ်ကွက်အတွင်း ဝင်ရောက် စစ်ဆေးမှုများ ပိုမိုလုပ်ဆောင်လာသဖြင့် မြန်မာအလုပ်သမားများအနေဖြင့် ညအချိန် မလိုအပ်ဘဲအပြင် မထွက်ရန်ကိုလည်း အလုပ်သမားအရေး ဆောင်ရွက်နေသူများက တိုက်တွန်းပြောဆိုသည်။



















