ဇန်နဝါရီ ၂၉ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ တပ်မဟာ(၁)နယ်မြေ/သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်၊ ရန်ကုန်-မော်လမြိုင်အဝေးပြေးလမ်း မကြီးအတိုင်း ကရင်ပြည်နယ် ဖားအံ၊ ကော့ကရိတ်၊ မြဝတီဘက်သို့ စစ်အုပ်စုမော်တော်ယာဥ်တန်းအများအပြား တက်လာကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များက ပြောသည်။
ယမန်နေ့ (ဇန်နဝါရီ ၂၈ရက်နေ့)က တင့်ကားအချို့ပါဝင်သည့် စစ်အုပ်စုမော်တော်ယာဥ်အစီးရေ (၅၀)ထက်မနည်း မွန်ပြည်နယ်မှတဆင့် ကရင်ပြည်နယ်ဘက်သို့တက်လာခြင်းဖြစ်ပြီး ကေအဲန်ယူသထုံခရိုင်၊ တပ်မဟာ(၁) တွင်လည်းကောင်း၊ ဒူးပလာယာခရိုင်၊ တပ်မဟာ(၆)ဘက်သို့လည်းကောင်း အုပ်စုခွဲသွားကြသည်ဟု တပ်မဟာ(၁)/သထုံခရိုင် သတင်းအရင်းအမြစ်များက ပြောသည်။
“ဘီးလင်းဘက်ကနေတက်လာတာ အစီးရေတော်တော်များတယ်။ အကုန်လုံးသွားလိုက်တာတော့မဟုတ်ဘူး။ တပ်မဟာ(၁)ဘက်မှာက ၂၀ လောက်ကျန်မယ်၊ ကျန်တဲ့ကားတွေကတော့ ကော့ကရိတ်ဘက်သွားမလား၊ မြဝတီ ဘက်သွားမလား မသိဘူး။ တင့်ကားတွေပါပါတယ်” ဟု အမည်မဖော်လိုသည့် အမျိုးသမီးတစ်ဦးက ပြောသည်။
အဆိုပါ ယာဥ်တန်းအနက် ဆယ်နှင့်ချီသောယာဥ်များကို ယမန်နေ့(ဇန်နဝါရီ ၂၈ ရက်နေ့)က ဖားအံ-ထီလုံလမ်း ပေါ်ဖြတ်သန်းသွားလာခဲ့သည်ကို တွေ့ရပြီး ယနေ့မြဝတီမြို့စောင့်တပ် ခြေလျင်တပ်ရင်း ခလရ-၂၇၅ ဘက်သို့ရောက်လာကြောင်းလည်း မျက်မြင်တွေ့ရှိလိုက်သူအချို့က ဆိုသည်။
မြဝတီမြို့ခံ အမျိုးသားတစ်ဦးက “မြို့ထဲကိုမတက်လာဘူး။ သူတို့ဝင်ရင် ၂၇၅ ဘက်ကနေဝင်လိမ့်မယ်။ မြို့ထဲကိုတော့မရောက်သေးပေမယ့် သူတို့ရဲ့ ၂၇၅ တပ်က မြို့နဲ့ နီးနီးလေးပဲလေ။ တင့်ကားရော ရိုးရိုးကားရော ပါတယ်။ အစီးရေတော့အတိအကျမသိဘူး။” ဟု ယနေ့ နံနက်ပိုင်းက ကေအိုင်စီသို့ ပြောသည်။
မွန်းလွဲပိုင်းတွင် ထိုယာဥ်များမြဝတီမြို့ပေါ်သို့ရောက်ရှိသွားပြီဖြစ်ကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်တချို့ကဆိုထားပြီး ကေအိုင်စီအနေဖြင့် သီးခြားအတည်ပြုနေသည်။
စစ်အုပ်စု အင်အားအများအပြား မြဝတီဒေသသို့ရောက်လာပြီးနောက်တွင် နယ်ခြားစောင့်တပ်-BGF ဘက်တံဆိပ်မှ ကရင်အမျိုးသားတပ်မတော်-KNA ဘက်တံဆိပ်ပြောင်းတပ်ထားသူများ မြို့တွင်းမှ ထွက်ခွာသွားကြောင်းလည်း မြို့ခံတချို့ထံမှ သိရသည်။
“KNA ဘက်ပြောင်းကြတဲ့သူတွေကတော့ မြို့ထဲမှာမရှိတော့ဘူး။ ဗိုလ်ချစ်သူ လူတွေဆိုရင်တော့ မြို့ပြင်မှာပဲ နေကြတယ်လေ။ မြို့ထဲမှာက BGF၊ PC၊ DKBA တို့တော့ရှိတယ်။ သူတို့နေရာနဲ့သူတို့ပဲ။ ဂိတ်နေရာတွေမှာလည်း KNA မရှိတော့ဘူး။” ဟု ဖော်ပြပါ မြဝတီမြို့ခံက ဖြည့်စွက်ပြောသည်။
၃ လကျော်ကြာ တကျော့ပြန်တိုက်ပွဲဖြစ်နေသည့် မြဝတီတောင်ပိုင်းတွင် ဇန်နဝါရီ(၂၈)ရက်နေ့က နှစ်ဖက် တိုက်ပွဲ ထပ်မံပြင်းထန်ခဲ့ပြီး စစ်အုပ်စုက ဖျက်အားပြင်းဗုံးများဖြင့်လေကြောင်းတိုက်ခိုက်ခဲ့ကြောင်း ကရင်စစ်ရေး သတင်းအရင်းအမြစ်နှင့်ဒေသခံတချို့မှ သိရသည်။
ပြီးခဲ့သည့်ရက်ပိုင်းကလည်း မြဝတီမြို့တွင် လုံခြုံရေးယူထားကြသည့် လက်နက်ကိုင်တပ်ဖွဲ့များအနေဖြင့် ဇန်နဝါရီလ ၂၅ရက်နေ့ နောက်ဆုံးထားပြီး တပ်ဖွဲ့ဝင်စာရင်းပေးရန်နှင့် ဘက်ပြောင်း KNA တပ်ဖွဲ့များ မြို့မှ ထွက်ခွာကြရန် စစ်အုပ်စုက ညွှန်ကြားချက်ထုတ်ထားသော်လည်း ယမန်နေ့ကအထိ KNA တပ်ဖွဲ့များ မြို့အတွင်းနေမြဲအတိုင်းဆက်ရှိခဲ့သည်။
ကရင်ဒေသစစ်ရေးလေ့လာစောင့်ကြည့်သူတို့ကမူ စစ်အုပ်စုအင်အားအများအပြား တက်လာခြင်းမှာ မြဝတီ တောင်ပိုင်းစစ်ကူပေးရန် (သို့မဟုတ်) KNA ကို ဖိအားပေးရန် နှစ်ချက်လုံးကြောင့်ဖြစ်နိုင်သော်လည်း ဆက်လက်စောင့်ကြည့်ရမည်ဟု ဆိုသည်။



















