ဇန်နဝါရီ ၂၉ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
စစ်အုပ်စု၏ ရွေးကောက်ပွဲအလွန် အသစ်တက်လာသည့် အစိုးရနှင့် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေး နိုင်ရေးအတွက် ယမန်နေ့ ဇန်နဝါရီလ ၂၈ ရက်နေ့တွင် ပြုလုပ်သည့် NCA အပစ်ရပ် မဟာမိတ် 7 EAO Alliance ၏ အွန်လိုင်းအစည်းအဝေးတွင် ဆွေးနွေးခဲ့သည်ဟု (KNU/KNLA-PC) ပြောခွင့်ရသူ ဗိုလ်မှူးကြီး စောကျော်ညွန့်က ပြောသည်။
နိုင်ငံအတွင်း ပြည်သူလူထုများ ကြုံတွေ့ခံစားနေရသည့် လက်နက်ကိုင်ပဋိပက္ခကို လျှော့ချနိုင်သည့် နည်းလမ်းများဖြစ်သည့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုနှင့် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှုပေါ်ထွန်း လာ နိုင်ရေး ဆွေးနွေးမှုနှင့်ပတ်သက်၍ အစည်းအဝေးတက်ရောက်ခဲ့သူ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) ပြောခွင့်ရ စောကျော်ညွန့်က ယခုလို ပြောသည်။
“ အစိုးရအသစ် လက်ထက်ကျရင်တော့ ကျနော်တို့ နိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ ပဋိပက္ခကို လျှော့ချနိုင်တဲ့ နည်းလမ်း၊ ပပျောက်နိုင်မယ့် နည်းလမ်း အဲဒီကနေတဆင့် မရှိမဖြစ်လိုအပ်တဲ့ နိုင်ငံရေး၊ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးမှု ပြန်လည်ပေါ်ထွန်းနိုင်ဖို့ မျှော်မှန်းပြီးတော့ စဉ်းစားဆွေးနွေးတာတွေ ရှိတယ်” ဟု စောကျော်ညွန့်က ကေအိုင်စီသို့ ပြောသည်။
ထို့အပြင် လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံရေး၊ စစ်ရေးအခြေအနေများ၊ နိုင်ငံတကာ အခင်းအကျင်းနှင့် ရွေးကောက်ပွဲအလွန် အလားအလာများကို ဆွေးနွေးသုံးသပ်သည်ဟုလည်း စောကျော်ညွန့်က ပြောသည်။
ဆက်လက်၍ အစည်းအဝေးတွင် ဖက်ဒရယ်ဒီမိုကရေစီ အသွင်ကူးပြောင်းရေးဆိုင်ရာ လမ်းညွှန်မှုများ၊ 7 EAO Alliance မဟာဗျူဟာဆိုင်ရာ ပြန်လည်သုံးသပ်မှုနှင့် ပြင်ဆင်ဆောင်ရွက်မှုများဆိုင်ရာ လမ်းညွှန်မှုများ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ပြန်လည်သုံးသပ်ခြင်းဆိုင်ရာ လမ်းညွှန်မှုများကိုလည်း ထိုအစည်းအဝေးထဲတွင် ချမှတ်နိုင်ခဲ့သည်ဟု သိရသည်။
မြန်မာနိုင်ငံတွင် နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲနှင့် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲ ပေါ်ထွန်းလာရန် ကြိုးပမ်းဆောင်ရွက်ရာတွင် နိုင်ငံတကာ၏ ပံ့ပိုးကူညီမှု အခန်းကဏ္ဍသည်လည်း အရေးကြီးသည်ဟု ဗိုလ်မှူးကြီး စောကျော်ညွန့်က ပြောသည်။
“7 EAO Alliance အပြင် နောက်ထပ် မပါဝင်သင့်ပါထိုက်တဲ့ အစုအဖွဲ့တွေကလည်း အမြင်အမျိုးမျိုး ရှိနေတဲ့အချိန်မှာ ဒါတွေကလည်း အခက်အခဲ စိန်ခေါ်မှုတွေ ဘယ်လောက်အထိ ရှိနေအုံးမလဲ ဆိုတာ မှန်းဆလို့ မရပါဘူး။ ဒီအခြေအနေဆိုး တစ်ခုအောက်မှာက ကိုယ့်ဖာသာကိုယ် ပြင်ဆင်နေတာက တစ်ပိုင်း၊ နိုင်ငံတကာ ပူးပေါင်းပါဝင်မှုကိုလည်း မျက်ကွယ်ပြုလို့ မရဘူး။ ” ဟု ၎င်းက ပြောသည်။
ယမန်နေ့ အစည်းအဝေးတွင် ဦးဆောင်အဖွဲ့၏ အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ်၊ ဒုတိယ အဖွဲ့ ခေါင်းဆောင် နိုင်အောင်မင်းနှင့် ဦးဆောင်အဖွဲ့ဝင်များ၊ အတွင်းရေးမှူး အဖွဲ့ဝင်များ၊ လုပ်ငန်းကော်မတီ ညှိနှိုင်းရေးမှူးများနှင့် အထူးဖိတ်ကြားထားသူများ တက်ရောက်ခဲ့သည်ဟု သိရသည်။
7 EAO Alliance အဖွဲ့သည် အပစ်ရပ် နိုင်ငံရေး NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် (၇) ဖွဲ့က မဟာမိတ် စုဖွဲ့မှုပုံစံအဖြစ် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် မတ်လ (၁၈) ရက်နေ့တွင် ဖွဲ့စည်းထားခြင်းဖြစ်သည်။ ထိုအဖွဲ့ထဲတွင် NCA လက်မှတ်ထိုးထားသည့် ဒီမိုကရေစီအကျိုးပြု ကရင့် တပ်မတော်-DKBA နှင့် ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) တို့ ကရင့် လက်နက်ကိုင် နှစ်ဖွဲ့ ပါဝင်သည်။



















