ဇန်နဝါရီ ၂၉ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကြားကာလကရင်နီပြည် အုပ်ချုပ်ရေးကောင်စီ-IEC က ဝန်ထမ်းအင်အားဖြည့်တင်းရေးနှင့် ထောင်အဆောက်အဦးတည်ဆောက်ရေးအပါအဝင် အကျဥ်းထောင်လုံခြုံရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ယနေ့(ဇန်နဝါရီ ၂၉)ရက်နေ့တွင် ထုတ်ပြန်သည်။
ပြီးခဲ့သည့် ဇန်နဝါရီလ(၁၈)ရက်နေ့က ကရင်နီပြည်နယ်၊ မယ်စဲ့အကျဥ်းထောင်မှ စစ်သုံ့ပန်းနှင့်အကျဥ်းသားများ ထောင်ဖောက်ထွက်ပြေးသွားသည့် ဖြစ်စဥ်နှင့်ပတ်သက်ပြီး IEC က ထုတ်ပြန်ထားခြင်းဖြစ်သည်။
IEC ၏စီမံခန့်ခွဲမှုအောက်ရှိ အကျဥ်းထောင်မှ စစ်သုံ့ပန်း(၇၆)ဦး၊ ထောင်ဝန်ထမ်း(၂)ဦး၊ အခြားအမှုဖြင့်ထောင်ဒဏ်ကျခံနေရသူ(၅)ဦး စုစုပေါင်း(၈၃)ဦး ထောင်ဖောက်ပြေးသွားခြင်းဖြစ်ပြီး ၎င်းတို့ထဲမှ ၇၀ နီးပါး ထိုင်းနိုင်ငံဘက်ထွက်ပြေးလွတ်မြောက်သွားသည်။ ကျန်(၈)ဦးကို ကရင်နီတော်လှန်ရေးတပ်များက အသေပစ်ခတ်ဖမ်းဆီးမိခဲ့ပြီး (၂)ဦးအရှင်ဖမ်းမိထားသည်ဟု IEC ထုတ်ပြန်ချက်က ဖော်ပြသည်။
ထိုဖြစ်စဥ်အပေါ် IEC အနေဖြင့် အကျဥ်းထောင်ပြုပြင်ပြောင်းလဲရေးအပြင် နိုင်ငံတကာစစ်သုံ့ပန်းဥပဒေအတိုင်း တော်လှန်ရေးတပ်ဖွဲ့များနှင့်ပူးပေါင်းကာ အကျဥ်းသားများလုံခြုံရေးအစီအမံကိုပါ ကြပ်မတ်သွားမည်ဟုဆိုသည်။

ထို့အပြင် ထောင်ဖောက်ပြေးရန်ပူးပေါင်းပါဝင်သူ ထောင်ဝန်ထမ်း(၂)ဦးကို IEC မှ တရားစွဲအမှုဖွင့်ထားပြီး အဖြစ်မှန်ပေါ်ပေါက်ရေးအတွက် အထူးစုံစမ်းရေးကော်မတီဖွဲ့၍ ဌာနအတွင်း စစ်ဆေးမှုများပြုလုပ်နေကြောင်းလည်း IEC က ပြောသည်။ စစ်သုံ့ပန်းအရေးစီမံရာတွင်မူ နိုင်ငံတကာအဖွဲ့အစည်းများ၏ နည်းပညာနှင့်ရန်ပုံငွေအကူအညီ လိုအပ်သည်ဟုလည်း ဆိုသည်။
အကျဥ်းထောင်ဖောက်ပြေးသည့်ဖြစ်စဥ်တွင် အုပ်စုခွဲပြေးခြင်း၊ ဆုံမှတ်နေရာသတ်မှတ်ခြင်း၊ ဖုန်းဆင်းကတ်နှင့် ဆက်သွယ်ရန်နံပါတ်များပြင်ဆင်ထားခြင်း၊ ပြန်လည်ခုခံရေးနှင့်စားနပ်ရိက္ခာများပြင်ဆင်ထားခြင်း စသည်ဖြင့် ကျူးလွန်သူများက (၃)လခန့်ကြိုတင်ပြင်ဆင်ခဲ့ကြခြင်းဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်ကဖော်ပြသည်။
ထိုင်းနိုင်ငံဘက်ကိုထွက်ပြေးလွတ်မြောက်ပြီး အာဏာပိုင်များထံအဖမ်းခံသည့် စစ်သုံ့ပန်း အကျဥ်းသား(၆၈)ဦးကိုမူ ထိုင်းဘက်ကမြန်မာစစ်အုပ်စုထံ ပြီးခဲ့သည့် ဇန်နဝါရီ(၂၆)ရက်နေ့က မြဝတီ-မဲဆောက်တံတားမှတဆင့် လွှဲပြောင်းခဲ့ပြီးဖြစ်သည်။



















