Home သတင်း ကျွန်းစုတွင် ၁၂ ရက်ကြာ တိုက်ပွဲပြင်းထန်၊ စစ်အုပ်စုတပ်က ကျေးရွာ ၄ ရွာကို မီးရှို့ဖျက်ဆီး

ကျွန်းစုတွင် ၁၂ ရက်ကြာ တိုက်ပွဲပြင်းထန်၊ စစ်အုပ်စုတပ်က ကျေးရွာ ၄ ရွာကို မီးရှို့ဖျက်ဆီး

481
Photo: ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့

ဇန်နဝါရီ ၁၉ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ဘဒ္ဒနဲကျေးရွာအုပ်စုရှိ ကျေးရွာများအတွင်းသို့ စစ်အုပ်စုတပ်နှင့် ပျူစောထီးပူးပေါင်းအဖွဲ့များက ၁၂ ရက်ကြာ စစ်ကြောင်းထိုးတိုက်ခိုက်နေပြီး ကျေးရွာ ၄ ရွာကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- ပကဖ က ယမန်နေ့တွင် သတင်းထုတ် ပြန်ထားသည်။

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့မှ စတင်ကာ စစ်အုပ်စု၏ ရေတပ်နှင့် ပျူစောထီးပူး ပေါင်းအဖွဲ့များသည် စစ်သင်္ဘော ၃ စီး၊ သားပေါက်လှေများနှင့် အင်အားအလုံးအရင်းဖြင့် မန်းကြီးမြစ်ကြောင်းအတိုင်း စစ်ကြောင်းထိုးဝင်ရောက်လာရာမှ ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နှင့် တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲအတွင်း စစ်အုပ်စုဘက်မှ လက်နက်ကြီးများ၊ Bofor Gun များအပြင် ဒရုန်းများကိုပါ အသုံးပြု၍ အပြင်းအထန် တိုက်ခိုက်ခဲ့ပြီး ဇန်နဝါရီလ ၃ ရက်နေ့တွင် စစ်သင်္ဘော ၅ စီးအထိ အင်အားတိုးချဲ့ကာ ထပ်မံစစ်ကြောင်းထိုးခဲ့သည်ဟု ထုတ်ပြန် ချက်၌ ဖော်ပြထားသည်။

“ဇန်နဝါရီ ၁၁ ရက်နေ့မှာတော့ ရန်သူက ဒရုန်းနဲ့ ကျနော်တို့ စခန်းကို ၃ ကြိမ်ထက်မနည်း လာတိုက်တယ်။ စခန်းလည်း မီးလောင်ပျက်စီးမှုရှိသလို ကျနော်တို့ ရဲဘော် ၂ ဦးလည်း တိုင်းပြည်အတွက် မြင့်မြတ်စွာ ကျဆုံးခဲ့ရပါတယ်” ဟု ထုတ်ပြန်ချက်တွင် အသိပေးပြောဆိုထားသည်။

ထို့အပြင် ဇန်နဝါရီလ ၁၁ ရက်နေ့တွင်ပင် စစ်အုပ်စုနှင့် ပျူစောထီးအဖွဲ့တို့သည် ဘဒ္ဒနဲကျေးရွာအုပ်စုရှိ ကျောက်တန်းငယ်ကျေးရွာ၊ အောက်ကြတ်တန်း၊ မန်းကြီးကျေးရွာနှင့် ဝန်သိုက်ကျေးရွာများကို ဝင်ရောက်စီးနင်းကာ ပြည်သူပိုင်ပစ္စည်းများကို ယူဆောင်ခြင်းနှင့် နေအိမ်များကို ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခြင်းများ လုပ်ဆောင်ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ထို ၁၂ ရက်ကြာ ထိတွေ့တိုက်ပွဲများအတွင်း စစ်အုပ်စုတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးဘက်မှ ၁၀ ဦးထက် မနည်း ထိခိုက်သေဆုံးမှုရှိခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်မှ ရဲဘော် ၂ ဦး ကျဆုံးခဲ့ကြောင်း ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ပကဖက ထုတ်ပြန်ထားသည်။

အဆိုပါ တိုက်ပွဲများကို ကျွန်းစု မြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့နှင့်အတူ မြိတ်ခရိုင်တပ်ရင်း-၂၊ မြိတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် တနင်္သာရီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တို့ မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။