Home သတင်း ဒူးသထူခရိုင်၊ တက်တူကုန်းရွာတွင် စစ်အုပ်စု ပစ္စည်းခိုးပြီးအကြမ်းဖက်ခဲ့ကြောင်း ကေအဲန်ယူထုတ်ပြန်

ဒူးသထူခရိုင်၊ တက်တူကုန်းရွာတွင် စစ်အုပ်စု ပစ္စည်းခိုးပြီးအကြမ်းဖက်ခဲ့ကြောင်း ကေအဲန်ယူထုတ်ပြန်

309
Photo: CJ

ဇန်နဝါရီ ၁၉ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးသထူ/သထုံခရိုင်၊ သထုံမြို့နယ်၊ တက်တူကုန်းနှင့် ကဒီပုကျေးရွာတို့တွင် ဇန်နဝါရီ(၁၀)ရက်မှ(၁၂)ရက်နေ့အထိ နှစ်ရက်တာတပ်စွဲသွားသည့် စစ်အုပ်စုက ဒေသခံပိုင် ပစ္စည်းများကိုခိုးယူပြီး ရွာသားတစ်ဦးကို ရိုက်နှက်နှိပ်စက်ခဲ့ကြောင်း ဇန်နဝါရီ(၁၈)ရက်နေ့တွင် ကေအဲန်ယူက ထုတ်ပြန်သည်။

ထိုရက်က စစ်ကြောင်းလှည့်ရင်း တက်တူကုန်းရွာတွင် တပ်စွဲနေထိုင်သွားသောစစ်အုပ်စုသည် ဒေသခံများပိုင် နေအိမ်နှင့်ဆိုင်ခန်းတံခါးများကိုဖျက်ဆီးပြီး ကျပ်ငွေစုစုပေါင်း (၃)သိန်းခန့်၊ ဆိုင်ကယ်တစ်စီး၊ အိမ်အသုံးအဆောင်ပစ္စည်းများနှင့် ဈေးကုန်ပစ္စည်းကို ခိုးယူသယ်ဆောင်သွားသည်ဟု ကေအဲန်ယူ-ဒူးသထူခရိုင်ပြန်ကြားရေးက ဆိုသည်။

ထို့အပြင် ကဒီပုရွာသစ်နေထိုင်သူ အသက် (၃၈) နှစ်အရွယ် စောချစ်သူအားလည်း ဖမ်းဆီးချုပ်နှောင်ထားပြီး ညှဉ်းပန်းရိုက်နှက်ခဲ့ကြောင်းလည်း ကေအဲန်ယူ၏ထုတ်ပြန်ချက်တွင် ပါရှိသည်။

ရွာ၌တပ်စွဲထားသည့်နှစ်ရက်တာလုံး တော်လှန်ရေးပူးပေါင်းတပ်များက စစ်အုပ်စုကိုလာရောက်ပစ်ခတ်ခဲ့သည်။ ထို့နောက် စစ်အုပ်စုအကူတပ်က ရွာတွေဘက်သို့လက်နက်ကြီးများပစ်ခတ်တိုက်ခိုက်ခဲ့ပြီး တက်တူကုန်းရွာတွင် နေအိမ်တစ်အိမ် ကျည်ထိမှန်ပျက်စီးခဲ့သည်ဟု ကေအဲန်ယူကဖော်ပြသည်။

တိုက်ပွဲအတွင်း စစ်အုပ်စုတပ်ဖွဲ့များထိခိုက်သေဆုံးမှုများခဲ့၍ ဇန်နဝါရီလ(၁၃)ရက်နေ့တွင် ရွာမှဆုတ်ခွာသွားပြီး ၎င်းတို့စစ်ကူအမြှောက်တပ် အမတ-၃၁၄ သို့ သွားရောက်ပူးပေါင်းခဲ့ကြောင်း တိုက်ပွဲဝင်တော်လှန်ရေးတပ်ဖွဲ့ထံမှ သိရသည်။

ထိုရက်က တက်တူကုန်းနှင့်ကဒီပုရွာသို့ လက်နက်ကြီးအလုံးရေများစွာပစ်ခတ်ခြင်းနှင့်တိုက်ပွဲကြောင့် ရွာနေလူထုနှင့်အနီးကျေးရွာနေထိုင်သူအများစု နေရပ်စွန့်ခွာရှောင်တိမ်းခဲ့ကြရသည်။ စစ်အုပ်စုရွာမှထွက်ခွာပြီးနောက်ပိုင်းအထိ အိမ်ပြန်မလာရဲသေးသည့်အခြေအနေရှိသည်ဟုလည်း တက်တူကုန်းရွာခံသတင်းအရင်းအမြစ်က ပြောသည်။