ဇန်နဝါရီ ၃၁ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည် (ခေါ်) ကော်သူးလေကို ဖက်ဒရယ်ယူနစ်များပါဝင်သည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီးတည်ဆောက်သွားရန်အတွက် ကရင်အမျိုးသားအဖွဲ့အစည်းများအပါအဝင် တော်လှန်တိုက်ပွဲဝင်နေကြသည့် အဖွဲ့အစည်းများအားလုံး ကြိုးပမ်းတိုက်ပွဲဝင်သွားကြရန် ကေအဲန်ယူက တိုက်တွန်းလိုက်သည်။
ယနေ့ကျရောက်သည့် ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ကျရောက်သည့် (၇၇) နှစ်မြောက် ကရင်တော် လှန်ရေးနေ့အတွက် ပေးပို့သော ကေအဲန်ယူ-ကရင်အမျိုးသားစည်းအရုံး၏ သဝဏ်လွှာတွင် ထိုသို့ တိုက်တွန်းထားခြင်းဖြစ်သည်။
တော်လှန်ရေးအင်အားစုများ စည်းလုံးညီညွတ်ပြီး ပူးပေါင်းဆောင်ရွက်မှသာလျှင် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို တည်ဆောက်နိုင်မည်ဖြစ်ပြီး တစ်ဖက်တွင်လည်း ကမ္ဘာ့နိုင်ငံအသီးသီးရှိ ရင်ဆိုင်ကြုံတွေ့နေရသည့် စိန်ခေါ်မှုများစွာ ရှိနေသည့်အတွက် အားလုံးမျှော်မှန်းထားသည့် နိုင်ငံရေးရည်မှန်းချက် ရရှိနိုင်ရန် အားသွန်ခွန်စိုက်ကြရမည်ဟု ကေအဲန်ယူ သဝဏ်လွှာတွင် တိုက်တွန်းထားသည်။
ထို့အပြင် ကော်သူးလေအပါအဝင် ပြည်ထောင်စုတစ်ခုလုံး အာဏာရှင်စနစ်နှင့်အတူ အာဏာရှင် ယန္တရား အားလုံးမှ လွတ်မြောက်ရန် လိုအပ်သည့်အတွက် ဖက်ဒရယ်ပြည်ထောင်စုသည် တိုင်းရင်းသား ပြည်သူလူထုအားလုံး၏ ကောင်းကျိုး၊ စီးပွားရေးနှင့် အခြေခံရပိုင်ခွင့်များကို အာမခံပေးနိုင်ရ မည်ဖြစ်သည်ဟုလည်း သဝဏ်လွှာတွင် ပြောဆိုထားသည်။
စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေးအတွက် မိမိတို့အနေဖြင့် ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးသည့် ကရင်ပြည် (ခေါ်) ကော်သူးလေကို သက်ဆိုင်သည့်သူများအားလုံးနှင့် တွေ့ဆုံဆွေးနွေးပြီး တစ်ဆင့်ချင်း တည်ဆောက်နေပါသည်ဟု သဝဏ်လွှာတွင် ဖော်ပြပါရှိသည်။
ထို့ကြောင့် ကရင်တော်လှန်ရေးသည် ကရင်တစ်မျိုးသားလုံး၏ တော်လှန်ရေးဖြစ်သည့်အတွက် ကရင်တစ်မျိုးသားလုံးနှင့် ဆိုင်သည့်အပြင် ကော်သူးလေနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေးကို အဖွဲ့အစည်းတစ်ခုတည်းဖြင့် လုပ်ဆောင်၍ မရကြောင်းကိုလည်း ကေအဲန်ယူက ဆိုသည်။
ကရင်လူမျိုးများ၏ လွတ်လပ်သော တန်းတူညီမျှမှု ရရှိသည့် ကိုယ်ပိုင်ပြဌာန်းခွင့်၊ တရားဝင် အသိအမှတ်ပြုခံရသည့် ကရင်ပြည်ကော်သူးလေပြည် တည်ဆောက်ရေးအတွက် ခေတ်အဆက်ဆက် မျိုးဆက်အလိုက် ကျရာအခန်းကဏ္ဍတွင် ရုန်းကန်လှုပ်ရှားကာ ယနေ့အချိန်ထိ ဆောင်ရွက်လာခဲ့ကြောင်း သဝဏ်လွှာ၌ ဖော်ပြထားသည်။
ကရင်အမျိုးသားများ၏ တော်လှန်ရေးသည် (၇၇) နှစ်မြောက် ရောက်ရှိလာပြီဖြစ်သည့်အတွက် အသက်၊ သွေး၊ ချွေး၊ ခန္ဓာ၊ အားအင်နှင့် ပစ္စည်းဥစ္စာပိုင်ဆိုင်မှုများကို စွန့်လွှတ်ပေးခဲ့ရသည့် ကရင်အမျိုးသား ခေါင်းဆောင်များ၊ ရဲဘော်များနှင့် ပြည်သူလူထုများအား အထူးကျေးဇူးတင် ဂုဏ်ပြုအပ်ကြောင်းကိုလည်း ကေအဲန်ယူ သဝဏ်လွှာအတွင်း ပြောဆိုထားသည်။
၁၉၄၉ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) ကို ဖဆပလ အစိုးရက တရားမဝင်အဖွဲ့အစည်းအဖြစ် ကြေညာလိုက်ပြီးနောက် အစိုးရတပ်နှင့် KNDO တို့အကြား တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့သည့်နေ့ကို အစွဲပြု၍ ကရင်တစ်မျိုးသားလုံး တော်လှန်ရေးနေ့အဖြစ် သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။



















